ချောင်းဆုံမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ချောင်းဆုံ        စက်တင်ဘာ          ၂၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ခွေးရူးရောဂါပပျောက်နိုင်စေရန် ရည်ရွယ်၍ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲကို (ကျန်းမာရေးဌာန၊ မွေး/ကု ဌာန၊ စည်ပင် သာယာရေးအဖွဲ့)နှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး စက်တင်ဘာ ၂၇ ရက်နေ့က  ချောင်းဆုံမြို့နယ် အ.ထ.က (ကညှော်)ကျောင်းခန်းမတွင်  ခွေးရူးရောဂါကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင်  “ အတားအဆီးများကို ကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပ ခြေလှမ်းတိုင်းမှာ ပါဝင်ကြ ” ဆောင်ပုဒ်နှင့်အညီ  ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်၍ မြို့နယ် မွေး/ကု ဦးစီးဌာနမှူး  ဒေါက်တာ နွဲ့နွဲ့ရီ ၊ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁) ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူ များက ခွေးရူးရောဂါကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုကဏ္ဍအလိုက်ဆွေးနွေး ဟောပြောခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက ကညှော် ကျေးရွာရပ်ကွက် အတွင်းရှိ သတ်မှတ်နေရာများတွင် ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 မြို့နယ် ( ပြန်/ ဆက်)