ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသောရွာကလေး

Type
၅

 

မောင်သောင်း(မြို့ပြ)

 

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဟုဆိုသော်လည်း ရွာအသစ်တည်ထောင်ခြင်း မဟုတ်ပါ။ မူလရှိပြီး ရွာကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက အကြံဉာဏ်ပေး၊ ကြီးကြပ်ပေးကာ ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန် အဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

“မယ်ဇလီအိုင့်”အမည်ရှိ   ရွာကလေးသည် ရှမ်းရိုးမတောင်ခြေနှင့် မလှမ်းမကမ်းမြေပြန့်တွင် တည်ရှိသော           ရွာလေးတစ်ရွာဖြစ်ပါသည်။ ပျော်ဘွယ်- ရွှေညောင်ဖူးသွား ကားလမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၁၂၈ အိမ်ရှိကာ လူဦးရေ ၅၇၇ ဦး  ရှိသည်။       မိရိုးဖလာလယ်ယာ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသည်။  စပါး၊  ကုလားပဲ၊  နေကြာ၊ ကြက်သွန်၊ ခရမ်းချဉ်၊ နံနံတို့ စိုက်ပျိုးကြသည်။ တောင်သူလုပ်ငန်းခွင်နားချိန်တွင်  လက်မှုလုပ်ငန်း ဖြစ်သည့် ဆန်ကော၊  ဆန်ခါရက်လုပ်သည့်လုပ်ငန်း ကို လုပ်ကိုင်ကြသည်။

 


မယ်ဇလီအိုင့်ရွာဟု ပြောင်းလဲခေါ်ဆို


ရှမ်းလူမျိုးတစ်မျိုးဖြစ်သည့်  “မယ်တလိုင်း” လူမျိုးတို့သည် ရှမ်းပြည်မှမြေပြန့်သို့ဆင်းလာပြီး ရွာတည်ထောင်ကာ “မယ်တလိုင်း”ရွာဟု ခေါ်ဆို ခဲ့ကြသည်။ ကာလကြာသော်  မယ်ဇလီအိုင့်ရွာဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်ဟု ဆိုပါသည်။

 


မန္တလေးတိုင်းဒေသကြီး   ပျော်ဘွယ်မြို့နယ် အရှေ့ဘက်   နှစ်မိုင်ခန့်အကွာတွင်  တည်ရှိသော “မယ်ဇလီအိုင့်”  ကျေးရွာသို့   စာရေးသူတို့အဖွဲ့ လေ့လာရေးသွားရောက်ခဲ့ပါသည်။  ကျေးရွာ၏ အနေအထားမှာ “ကျေးရွာသစ်စီမံကိန်း”နှင့်အတူ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရ ပါသည်။ ရွာအဝင်လမ်းမကြီးသည် ကွန်ကရစ်လမ်း ဖြစ်သည်။ ရွာတွင်းလမ်းမများမှာ ကျောက်ချော လမ်းဖြစ်သည်။

 

 လမ်း၏တစ်ဖက်တစ်ချက်တွင် အုတ်စီရေမြောင်းကို စနစ်တကျပြုလုပ်ထားသည်။ ယခင်ကကဲ့သို့ ရေအိုင်၊ ဗွက်အိုင်များ မရှိတော့ပေ။ စနေနေ့တိုင်း    စုပေါင်းသန့်ရှင်းရေးရှိသဖြင့်   ရွာ လယ်လမ်းမကြီးနှင့်   ရေမြောင်းတို့မှာ   သန့်ရှင်း သပ်ရပ်နေပါသည်။

 


ရွာအဝင်  မုခ်ဦးကိုလည်း   ထည်ဝါခံ့ညားစွာ ပြုလုပ်ထားသည်။ ရွာဦးတွင် ဘက်စုံသုံးခန်းမဆောင် အသစ်ကြီးကိုလည်း ခံ့ထည်စွာတွေ့ရပါသည်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ထွေးနှင့်အဖွဲ့က   ရွာအဝင်မုခ်ဦးမှ ကြိုဆိုကြသည်။ ထို့နောက်    ရွာလမ်းမတစ်လျှောက်    လေ့လာရင်း ကျေးရွာ၏ဖွံ့ဖြိုးတိုးတက်နေမှုများကို မျက်မြင် ကိုယ်တွေ့ ကြည့်ရှုရင်း သိလိုသည်များကို မေးမြန်း ခဲ့ပါသည်။

 


မယ်ဇလီအိုင့်ကျေးရွာလေးသည်       ယခင် တစ်ခေါက်လာစဉ်ကနှင့်မတူ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်နေသည်ကိုတွေ့ရသည်။     ကျေးရွာသစ် စီမံကိန်း အကျိုးကျေးဇူးပင်ဖြစ်သည်။

 


ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ကိုရီးယားအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အထောက်အပံ့ဖြင့်        ဆောင်ရွက်ခဲ့ပါသည်။ တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၁၁၀ ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။    မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ ရွာ ပါဝင်ခဲ့သည်။

 


မယ်ဇလီအိုင့်ကျေးရွာသည် ၂၀၂၀ ပြည့်နှစ်မှသာ ပါဝင်ခဲ့ပြီး   မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း ၃၀ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

 


ကိုယ်တိုင်အသိဖြင့် ပါဝင်လုပ်အားပေးကြ


ပျော်ဘွယ်မြို့နယ်တွင် မယ်ဇလီအိုင့်ကျေးရွာ တစ်ရွာတည်းသာ အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်ပါသည်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ မှ     ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။  လုပ်ငန်းတစ်ခု လုပ်ကိုင်ရာတွင်  တစ်ရွာလုံး  တက်တက်ကြွကြွ လုပ်အားပေးကြသည်ကိုကြည့်ပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ လုပ်အားပေးဆိုရာတွင်လည်း မလိုက် မနေရမဟုတ်ဘဲ ကိုယ်တိုင်အသိဖြင့် ပါဝင်လုပ်အား ပေးကြခြင်းဖြစ်သည်။
မယ်ဇလီအိုင့်ကျေးရွာ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်     ကဏ္ဍကြီးသုံးရပ်ဖြင့်      အကောင် အထည်ဖော်ဆောင်ရွက်သည်ဟု        သိရပါသည်။ ပထမနှစ်အတွက်  ရန်ပုံငွေကျပ်သိန်း   ၃၀ဝ  မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စွမ်းဆောင်ရည် မြင့်မားရေးကဏ္ဍတွင် ငွေကျပ်သိန်း ၃၀၊ လူနေမှုဝန်း ကျင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ငွေကျပ်သိန်း ၁၅၀၊    ဝင်ငွေတိုးပွားရေးကဏ္ဍတွင်    ငွေကျပ်    သိန်း  ၁၂၀ ဖြင့်   ဆောင်ရွက်ခဲ့ကြောင်း   သိရပါ သည်။

 


ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့်  ပထမ နှစ်တွင် ကျေးရွာရေပေးရေးအတွက် ငွေကျပ်သိန်း ၁၅၀ ကုန်ကျသည့် အမြင့် ၂၄ ပေရှိ ရေဂါလန် ၂၅၀ဝ ဆံ့ ကွန်ကရစ်ရေစင်နှင့်စက်ရေတွင်းကို အကောင် အထည်ဖော်  ဆောင်ရွက်ထားပါသည်။ အိမ်တိုင် ရာရောက်   ရေပိုက်များသွယ်တန်းထားသည်ကို လည်း  တွေ့ရှိရသည်။

 


ထို့အပြင် စံပြစိုက်ကွက်များ ပြုလုပ်၍ သီးနှံမျိုး စေ့၊ နည်းပညာတို့ကို အခမဲ့ပေးဝေပါသည်။ ထွက်ရှိ လာသော သီးနှံကို တောင်သူများကိုယ်တိုင် ခံစားခွင့် ရှိခဲ့သည်။

 


ယခုအခါ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ နှစ်နှစ်အချိန်ကာလအတွင်းမှာပင် ကျေးရွာလေး သည် အတော်အသင့်ဖွံ့ဖြိုးတိုးတက်လာပြီ  ဖြစ်ပါ သည်။  ပထမနှစ်  လုပ်ဆောင်ချက်များကြောင့် ဒုတိယနှစ်တွင် ဆုငွေကျပ်သိန်း ၁၀ဝ ရရှိခဲ့ပါသည်။

 


ဒုတိယနှစ်တွင်  ဝင်ငွေတိုးပွားရေးကဏ္ဍအတွက် ငွေကျပ်သိန်း ၁၅၀၊ လူနေမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍတွင် ငွေကျပ်သိန်း ၁၂၀၊  စွမ်းဆောင်ရည် မြင့်မားရေးကဏ္ဍတွင် ငွေကျပ် သိန်း ၃၀ ဖြင့် ခွဲဝေ သုံးစွဲခဲ့ပါသည်။

 


ဒုတိယနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး တွင် ဆုရရှိငွေ၊ ပြည်သူလူထုပူးပေါင်းပါဝင်ငွေတို့ ဖြင့် ၄၄၅ သိန်း ကုန်ကျသည့် (ပေ ၃၀ x ပေ ၆၀)ခန်းမတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ခန်းမအတွက် မြေနေရာကို အလှူ ရှင်တစ်ဦးက  လှူဒါန်းခဲ့ပါသည်။

 


ကုသိုလ်ဒါနပြုလုပ်ကြ


ကျေးရွာအတွင်း ဆောင်ရွက်စရာရှိသည်များကို ရွာသူ ရွာသားအားလုံးက တက်တက်ကြွကြွ၊ စုံစုံ ညီညီ ဆောင်ရွက်ကြသည်ဟုဆိုပါသည်။ စနေနေ့ တိုင်း    ရွာအတွင်း     သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အခါအားလျော်စွာ လမ်းမကြီးဘေးရှိ သစ်ပင်ချုံနွယ် များ ရှင်းလင်းခြင်းတို့ကိုလည်း စုပေါင်းဆောင်ရွက် ကြသည်။  ထိုနေ့များတွင် ရွာမှစေတနာရှင်များက ကုသိုလ်ဒါနပြုလုပ်ကြသည်ဟု  ဆိုပါသည်။

 


ကျေးရွာဖွံ့ဖြိုးတိုးတက်မှုများအတွက် တစ်လ တစ်ကြိမ် အစီရင်ခံစာကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များသို့ ပေးပို့ရပါသည်။
နောင်လာမည့် တတိယနှစ်တွင်လည်း စီမံချက် အတိုင်း  အောင်မြင်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တစ်ရွာလုံးက စိတ်အားတက်ကြွ လျက်ရှိသည်ကို မြင်တွေ့ခဲ့ရပါသည်။ တတိယနှစ် အတွက်လျာထားချက်မှာ ရွာအတွင်းလမ်းများကို ကွန်ကရစ်ခင်းရန်ပင်ဖြစ်ပါသည်။
မကြာခင်ကာလအတွင်းမှာပင်   မယ်ဇလီအိုင့် ရွာလေးသည်   “ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း” နှင့်အတူ    အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်  မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။       ။