ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကောင်းမွန်မည် မိမိတို့နိုင်ငံတွင် ပညာတတ်များပေါများစေရေး ပညာရေးမြှင့်တင်မှုကို ဦးစားပေး တွန်းအားပေးဆောင်ရွက်

စီးပွားရေးတည်ငြိမ်တိုးတက်အောင် လုပ်ဆောင်ပြီး ငွေကြေးတန်ဖိုး ပြောင်းလဲမှုမရှိဘဲ ခိုင်မာအောင် လုပ်ဆောင်

 

နေပြည်တော်     အောက်တိုဘာ     ၂၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး  အမှတ်စဉ်(၂/၂၀၂၁) ကို   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်း နောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊                    

 

r ရှေ့ဖုံးမှ
ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့  တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။ 
မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က     အဖွင့်အမှာစကား ပြောကြားရာတွင် မည်သည့်နိုင်ငံတွင်မဆို ချမှတ်  ထားသည့် နိုင်ငံရေးဆိုင်ရာမူဝါဒများအား အစိုးရ များက အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်  ကြောင်း၊ မိမိတို့အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ်၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် သာယာဝပြောသည့်နိုင်ငံ၊ စားရေ ရိက္ခာပေါများသည့် နိုင်ငံဖြစ်ရန်လိုပြီး မိမိတို့အနေ ဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စီးပွားရေးကို အဓိကထားဆောင်ရွက်နေရခြင်း ကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို     အပြည့်အဝဆောင်ရွက်နိုင်မည်ဆိုပါက စားရေရိက္ခာများ    ပေါများမည်ဖြစ်ပြီး    ထိုသို့ ဆောင်ရွက်နိုင်သည့် အခြေခံစွမ်းအားစုများ မိမိတို့ ပြည်တွင်း၌ အားလုံးရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာပေါများရေး   ဦးစားပေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စားရေရိက္ခာထုတ်လုပ်သူများသည် မိမိတို့နိုင်ငံ၏  ၇၀  ရာခိုင်နှုန်းရှိကြောင်း၊  ပြည်ပ ပို့ကုန်များတွင်လည်း  စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကိုအခြေခံသည့် လုပ်ငန်းများမှ ထွက်ရှိလာသည့်  ထုတ်ကုန်များမှ ပြည်ပဝင်ငွေအများဆုံး ရရှိနေခြင်း ဖြစ်ကြောင်း။ 
ထိုသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နေသူများသည် ကျေးလက်နေပြည်သူများဖြစ်သဖြင့် မိမိတို့အနေဖြင့်     ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊    စီးပွားရေးကောင်းမွန်ရေး အတွက် ဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ ဘဝတိုးတက် စေရေးအတွက် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို  ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် မှ  ချမှတ်ထားသည့်  မူဝါဒများအရ   ကျေးလက် ဖွံ့ဖြိုးရေး၊         ကျေးလက်စီးပွားရေးမြှင့်တင်ရေး၊ ပြည်နယ်များဖွံ့ဖြိုးရေးတို့အတွက် ဝန်ကြီးဌာနများ၊  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။


၂၀၁၉ ခုနှစ်က  ထုတ်ပြန်ခဲ့သည့်  သန်းခေါင် စာရင်း   အစီရင်ခံစာများအရ   ဆောင်ရွက်ရမည့် လုပ်ငန်းများ များစွာရှိကြောင်း၊ အဆိုပါစာရင်းတွင် ငါးနှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး ကျောင်းလုံးဝမနေဖူးသူ  ၈ ဒသမ ၁  ရာခိုင်နှုန်း ရှိကြောင်း၊ အလားတူ ၂၅ နှစ်အထက်လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းရှိပြီး အလယ်တန်းအထိ ပညာ သင်ကြားခဲ့သူ ၁၈ သန်းကျော်ရှိသဖြင့် ခုနစ်သန်းကျော် ခန့်သာ အထက်တန်းပညာ သင်ကြားမှုရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက် ၍  အားနည်းမှုများရှိသည်ကို  တွေ့ရှိရကြောင်း၊ ပညာရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ  အတတ်ပညာရမည်” ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင် ရပ်တည်နိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြား ရေးအား     မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊   သန်းခေါင်စာရင်းအရ   နိုင်ငံတစ်ဝန်း ကျောင်းမနေဖူးသူ   ၈ ဒသမ ၁  ရာခိုင်နှုန်းရှိပြီး ကယားပြည်နယ်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ကရင် ပြည်နယ်တွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ် တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊  မွန်ပြည်နယ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၂၃ ရာခိုင်နှုန်း ရှိသဖြင့် အဆိုပါပြည်နယ် ငါးခုသည် ပြည်ထောင်စု ၏   ပျမ်းမျှနှုန်းထက်   ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ စာရင်းများအရ မြို့ပြ၌ လူ ၁၀၀ တွင် ငါးဦး၊  ကျေးလက်နေ လူ  ၁၀၀ တွင် ကိုးဦး သည် ကျောင်းတက်ရောက်မှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊ လူဦးရေနှင့်အသက် အပိုင်းအခြားအရ ငါး နှစ်မှ ကိုးနှစ်အတွင်း ၉၂ ရာခိုင်နှုန်း ကျောင်းနေသည်  ကို တွေ့ရှိရသော်လည်း ၁၀ နှစ်မှ ၁၅ နှစ်အရွယ် တွင် မူလတန်းလွန်မှ အလယ်တန်းအဆင့် ၇၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိတော့ကြောင်း၊ ၁၆ နှစ်မှ ၂၉ နှစ် အထိ ပညာသင်ကြားသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကြောင်း၊ အသက်အပိုင်းအခြားအရ မူလတန်း ပညာသင်ကြားသည့်အရွယ်များသော်လည်း အလယ် တန်းပညာမှ အဆင့်မြင့်ပညာအထိ သင်ကြားသူများ နည်းပါးသွားကြောင်း၊ ထိုသို့ နည်းပါးသွားခြင်းတွင် ပညာသင်ကြားရန်အတွက် ငွေကြေးမတတ်နိုင်သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ မိဘအလုပ်အား ကူညီနေရသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ဝင်ရောက်ကူညီပေးရသူ ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး စုစုပေါင်းရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း၊  အဆိုပါကိစ္စရပ်များကို အစိုးရအနေဖြင့် ဝင်ရောက်ကူညီဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံ၏စီးပွားရေးကို  အဓိကထားဆောင်ရွက်ပေး နေခြင်းဖြစ်သဖြင့်   ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထားမြှင့်တင်ပေးရန် လိုကြောင်း၊  ထို့ကြောင့်   တာဝန်ရှိသည့်    ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။


မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို     အခြေခံဆောင်ရွက်လျက်ရှိသော်လည်း စိုက်ပျိုးရေးတက္ကသိုလ်  တစ်ခု၊   မွေးမြူရေးနှင့် ကုသရေး  ဆေးတက္ကသိုလ်  တစ်ခုသာရှိကြောင်း၊ အချို့ပြည်နယ်နှင့် တိုင်းများတွင်လည်း   စိုက်ပျိုးရေး သိပ္ပံများရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး ပြည့်စုံအောင် မဖွင့်လှစ်နိုင်သေးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်များအားလုံး တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှု ရှိစေရန်အတွက်  စိုက်ပျိုးမွေးမြူရေးသိပ္ပံများ ဖွင့်လှစ် ခြင်း၊ ထိုမှတစ်ဆင့် ကောလိပ်များနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအတွက် အဓိက လိုအပ်ချက်များ ရှိသည့်   နေရာများတွင်   တက္ကသိုလ်အဆင့်အထိ ဆက်လက်  တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊      သို့မှသာ ကျေးလက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။


စိုက်ပျိုးရေးနိုင်ငံဖြစ်


မိမိတို့နိုင်ငံသည်     စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းများ ကောင်းမွန် စွာရရှိရန်လိုကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အဆိုပါကိစ္စရပ်များ အား    အထိုက်အလျောက် အသုံးချနိုင်မည်ဖြစ် ကြောင်း၊  မြေဩဇာအသုံးပြုရာတွင်လည်း သဘာဝ မြေဩဇာများနှင့်  ဓာတ်မြေဩဇာများ   လိုအပ် ကြောင်း၊ အထွက်နှုန်းတိုးစေရန်အတွက် ကျန်းမာရေး ရှုထောင့်က လက်ခံထားသည့် ဓာတ်မြေဩဇာများ ကိုလည်း အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး အတွက် လိုအပ်သည့် မြေဩဇာများရရှိစေရေးအတွက် သဘာဝဓာတ်မြေဩဇာများဖြစ်သည့် Bio Fertilizers များ၊ သစ်ဆွေးမြေဩဇာများ၊ နွားချေးဝက်ချေး မြေဩဇာများနှင့်   အီးအမ်ဘိုကာရှီမြေဩဇာများ သည် ပြည်တွင်း၌ရရှိနိုင်သည့် နည်းလမ်းဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများ        ဆောင်ရွက်ရာတွင် လှောင်မွေးသည့်စနစ်ဖြင့်  စနစ်တကျ  မွေးမြူရန် လိုအပ်ကြောင်း၊ မိရိုးဖလာမွေးမြူရေးစနစ်များဖြင့်  ရောင့်ရဲမနေဘဲ တိုးတက်အောင် နည်းပညာအရ ဖောက်ထွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ စနစ်တကျမွေးမြူနိုင်ရန်အတွက် အစိုးရအနေဖြင့် တိုက်တွန်းပေးခြင်း၊ ကူညီပေးခြင်း၊ ဆွဲတင်ပေးခြင်း များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်းတိုး၍ ပြည်ပ ဝင်ငွေများ   တိုးတက်လာပြီး သာယာဝပြောသည့် နိုင်ငံတည်ဆောက်နိုင်မည်ဖြစ်ကြောင်း။


နိုင်ငံတွင်း  ဓာတ်မြေဩဇာ လိုအပ်ချက်နှင့် ပတ်သက်၍  ပြောကြားရာတွင်  “ပြည်တွင်းမှာ ဓာတ်မြေဩဇာစက်ရုံ ငါးရုံရှိတယ်။ ဒီ ငါးရုံထဲက နှစ်ရုံက  လောလောဆယ်တော့  နည်းပညာအရ အိုဟောင်းတော့   သက်တမ်းသိပ်ကြာသွားတော့ မလုပ်နိုင်တော့ဘူး။ ကျန်တဲ့ သုံးရုံနဲ့ ထုတ်နေကြ တယ်။ မြေဩဇာကို ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် သုံးရုံရှိတယ်။ ကျော်စွာလည်း ဓာတ်ငွေ့ ပြဿနာကြောင့် ရပ်ထားရတယ်။ ထုတ်ဖို့ကြိုးစား နေပါတယ်။  ဒါတောင်မှ  အဲဒီစက်ရုံပါပြီးတော့မှ ထုတ်မယ်ဆိုရင် တစ်နှစ်မှ စွမ်းအားပြည့်လည်ရင် သုံးသိန်းလောက်ပဲ ထုတ်နိုင်တယ်။ ကျော်စွာစက်ရုံ အပါအဝင် ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ် ရယ် သုံးရုံ ကျွန်တော်တို့ဆီမှာ စောစောကပြောတဲ့ မိုးစပါး ၁၅ သန်း၊ နွေစပါး သုံးသန်း၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတွေ စိုက်တာတွေရှိသေးတယ်။ အများကြီးပဲ။ ဥပမာအားဖြင့် စာရင်းတောင်းကြည့်တာ ဧရာဝတီ မြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေးမှာ စိုက်နေတဲ့ စိုက်ပျိုး ရေးလုပ်ငန်းတွေ ဘယ်လောက်ရှိလဲ မေးကြည့်တဲ့ အခါကျတော့ ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေး မှာ မိုးစပါးစိုက်ဧက ၁၀ သန်းနဲ့ ကိုးသိန်း ရှိတယ်။ ၁၁ သန်းထားပါတော့။  နွေစပါး နှစ်သန်းကျော် ရှိတယ်။ အစေ့ထုတ်ပြောင်းက လေးသိန်းကျော်ရှိ တယ်။ ပဲမျိုးစုံ ကိုးသန်းရှိတယ်။ ဆီထွက်သီးနှံပေါင်း ခြောက်သန်း ကျော်ရှိတယ်။ စက်မှုသီးနှံ ရှစ်သိန်း ကျော်ရှိတယ်။ အားလုံးပေါင်း  သန်း ၃၀ လောက် ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေးမှာ စိုက်နေတဲ့ သီးနှံတွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့က မြေဩဇာပေးမယ်ဆိုရင် တစ်ဧကကို တစ်အိတ်နှုန်းပဲ ကြည့်ဦး နည်းတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လောက် က  ပြည်ပကသွင်းတဲ့  မြေဩဇာတွေ  ကြည့်ပါ။ ယူရီးယားနဲ့ ကွန်ပေါင်းနှစ်မျိုးတည်းကို တစ်နှစ်ကို တန်ချိန် တစ်သန်းခွဲလောက် သွင်းရတယ်။ ဒေါ်လာ သန်းပေါင်း ၂၈၀ လောက်ကုန်တယ်။ ဒါပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က ဈေး။ ဒီနှစ်ဈေးနဲ့ဆို မရဘူး။ နှစ်ဆလောက် တက်သွားမယ်။ ၂၈၀ ဆို ၅၆၀ လောက် ဖြစ်သွားမယ်။ စောစောကပြောတဲ့ ကျွန်တော်တို့ဆီ မှာရှိတဲ့ နိုင်ငံပိုင်စက်ရုံ သုံးရုံက သုံးသိန်းပဲ ထုတ်နိုင် တယ်ဆိုတော့ ပြည်ပကသွင်းတာ တစ်သန်းခွဲလောက် သွင်းနေရတယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီမှာ ဓာတ်မြေဩဇာတွေ လိုအပ်ချက်ရှိနေတယ်။

ဓာတ်မြေ ဩဇာကတော့  ဂက်စ်ကို  အခြေခံပြီး  ထုတ်ပါတယ်။ ယူရီးယားဓာတ်မြေဩဇာ၊ ဓာတ်မြေဩဇာစက်ရုံတွေ ဆောက်ဖို့လိုပါတယ်”ဟု ပြောကြားသည်။
မြစ်ချောင်းများအနီး စိုက်ပျိုးရေးလုပ်ငန်းများ တွင် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာရရှိရေး အတွက်    မြစ်ရေတင်စီမံကိန်းများအား   ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့်    နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများ    အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက       စိုက်ပျိုးရေများ လုံလောက်စွာရရှိပြီး အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အကျိုးရှိစွာအသုံးချခြင်းမပြုနိုင်ဘဲ ပင်လယ်အတွင်း သို့ စီးဝင်သွားသည်ကို ပညာရှင်များက ထောက်ပြ ထားကြောင်း၊ အဆိုပါရေများအား မိမိတို့အနေဖြင့် အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း၊ တစ်ကမ္ဘာ လုံးတွင်    ရေချိုရှားပါးမှုပြဿနာများရှိကြောင်း၊ ဆည်ရေများကိုလည်း     ချွေတာသည့်စနစ်နှင့် လုံလောက်အောင်သုံးသည့်စနစ်တို့   ပေါင်းစပ်ပြီး စိုက်ပျိုးရေးစီမံကိန်းများ        အောင်မြင်အောင် ဆောင်ရွက်ရန် လိုကြောင်း။  

 

‌r စာမျက်နှာ ၃ မှ


မိမိတို့နိုင်ငံတွင်    ကမ်းလွန်နှင့်  ကုန်းတွင်း သဘာဝဓာတ်ငွေ့များ ထုတ်လုပ်လျက်ရှိပြီး  ပြည်ပ နိုင်ငံများသို့     တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်း၌လည်း သဘာဝဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင်လည်း လေအား လျှပ်စစ်ဓာတ်အားများ    ထုတ်ယူ၍ရကြောင်း၊ အလားတူ   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်  သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများကို  ဆောင်ရွက်၍ အသုံး ချရန်လိုကြောင်း၊   သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ရရှိသောအခြေအနေပေါ်မူတည်၍  Small Scale, Median Scale များကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် အားပေးဆောင်ရွက် ကြရန်လိုကြောင်း။


 စွမ်းအင်မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိ


ပြည်တွင်း      ကုန်ထုတ်လုပ်မှုများအတွက် ဆောင်ရွက်လျက်ရှိသည့်  စက်ရုံများတွင် ဓာတ်ငွေ့ များ လိုအပ်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့အား ပြည်တွင်း၌ လုံလောက်စွာ အသုံးချနိုင်ရေး  စွမ်းအင်မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူကျောက်မီးသွေး များကိုလည်း စနစ်တကျအသုံးချ၍ စက်ရုံများတွင် လိုအပ်သည့် စွမ်းအင်များထုတ်လုပ်နိုင်ရေး အသုံးချ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင်  လိုအပ် သည့်  ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊  အလားတူ   အဆင့်မီ     သည့်   အုတ်များထုတ်လုပ်နိုင်ရေးအတွက်လည်း   ဆောင်ရွက်ရန် လိုကြောင်း။
ပြည်တွင်း၌   ဘိလပ်မြေနှင့် သံချောင်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေး    ဆောင်ရွက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဘိလပ်မြေ စက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် သုံးရုံ အားလုံးပေါင်း ၁၉ ရုံရှိတယ်။ သူ့ရဲ့ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားပြည့် ထုတ်မယ်ဆိုရင် ၁၆ သန်းနဲ့ ၁၇၀၀၀၀ ထုတ်နိုင်တယ်။ တချို့က Dry Process ပေါ့။  တချို့ကလည်း Wet Process နဲ့လုပ်တယ်။ အစိုနည်း၊ အခြောက်နည်းပေါ့။ တကယ်ကတော့  အခြောက်နည်းကတော့ မြန်မာ ဘက်မှာတော့ အကောင်းဆုံးနည်းလမ်းပါ။ ဘိလပ်မြေ စက်ရုံများကိုလည်း Dry Method ကို ပြောင်းကြပါ။ ဒီအတွက်နိုင်ငံတော်ကနေပြီးတော့ ငွေချေးပေးမယ်။ ကျွန်တော်နိုင်ငံခြားငွေ ချေးပေးနိုင်ပါတယ်။ ကျွန်တော် ပြည်ပကနေဝယ်ဖို့အတွက် လိုတဲ့ပိုက်ဆံ ကျွန်တော်တို့ ချေးပေးလို့ရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ဆောင်ရွက် မယ်ဆိုရင် လုပ်ပေးလို့ရတယ်။ ပြည်တွင်း ဘိလပ်မြေ လုပ်ငန်း  အားပေးရမယ်။ ၁၆ သန်းထုတ်နိုင်တယ်။ အခုကျွန်တော်တို့ စာရင်းကောက်ကြည့်တဲ့အခါမှာ ၁၀ သန်းကနေ ၁၁ သန်းလောက် သုံးနေပါတယ်။ ဆိုလိုတာက လုံလောက်မှုရှိတယ်။ ပြည်ပကဘာမှ ဘိလပ်မြေသွင်းစရာအကြောင်းမရှိဘူး။   သွင်းတဲ့ ဘိလပ်မြေ    ဘာလို့သွင်းတာလဲမေးကြည့်တော့ Quality ကောင်းလို့တဲ့။    အဲတာဆို  ကိုယ့်ဆီက ဘိလပ်မြေတွေ Quality ကောင်းအောင်လုပ်ရမယ်။ Standard တစ်ခု ပေးရမှာပေါ့။ EU ရဲ့ Standard ဘယ်လောက်လဲ။ UK ရဲ့ Standard ဘယ်လောက်ရှိလဲ။ အမေရိကန် Standard  ဘယ်လောက်နဲ့ ညီရမယ်၊ တရုတ် Standard နဲ့ဘယ်လောက် ညီရမယ်၊  ဂျပန် Standard နဲ့ဘယ်လောက်ညီရမယ်။ ဒီ Standard ကိုကျွန်တော်တို့ရဖို့ ဒီစက်ရုံတွေ လုပ်ကိုလုပ်ရမယ်။ မလုပ်ရင် အဲဒီစက်ရုံ ပိတ်မယ်။ ဒီလိုသွားမှရမှာပေါ့။ မှိန်းလိုက်နေရင်ဘယ်လိုမှကို အလုပ်ဖြစ်မှာမဟုတ် ဘူး။  ဒါကြောင့်   ကျွန်တော်တစ်နေ့ကလည်း သက်ဆိုင်ရာ ဝန်ကြီးများ၊  ဝန်ကြီးချုပ်များကို ပြောပါ တယ်။ ခင်ဗျားတို့နယ်မြေမှာရှိတဲ့ ဥပမာ ရှမ်းပြည်နယ် တို့၊ မန္တလေးတိုင်းတို့ဆိုရင်    ဘိလပ်မြေစက်ရုံတွေ ရှိတယ်။  နေပြည်တော်ကောင်စီဆိုရင်  ဘိလပ်မြေ စက်ရုံတွေရှိတယ်။   စစ်ပါ။   ပြီးရင်ခုနကပြောတဲ့ မူဝါဒနဲ့ဖြစ်အောင်လုပ်ပါ။  အဲဒါဆိုရင် ပြည်ပကနေ ဘိလပ်မြေတင်သွင်းမှုတွေ  လျော့ကျသွားမယ်။ မရှိအောင်လုပ်လို့ရတယ်။ ပြီးတော့ သံချောင်းပေါ့။ မြန်မာနိုင်ငံမှာ      သံမဏိကုန်ကြမ်းထုတ်နိုင်တဲ့ သံကြမ်းတွေ ရှိပါတယ်။     လေးနေရာလောက်က စီးပွားဖြစ်ထုတ်လို့ရနိုင်တဲ့   တကယ့်ကို  နှစ်ပေါင်း များစွာ ထုတ်လို့ရနိုင်တဲ့နေရာတွေရှိတယ်။ လေးနေရာ လောက်ရှိတယ်။ အဲဒီတော့ သံကလည်း အတူတူပဲ။ ပြည်ပကနေ  သံချောင်းတွေ တင်သွင်းနေရတာရှိ တယ်။ အဲဒါကြောင့် သံမဏိစက်ရုံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် လိုက်လံအားပေး နေပါတယ်။ ကျွန်တော်တို့က သံချောင်းအသေးလေး တွေနဲ့ ကျေနပ်နေလို့မရဘူး။ ငါးမူးလုံးတို့။ တစ်ကျပ်လုံး တို့။ ဒီလိုကနေပြီးတော့ မျိုးစုံသွားရမှာပေါ့။ H Beam တို့၊ I Beam တို့ ထုတ်နိုင်တဲ့အဆင့်တို့၊ တံတားဆောက် နိုင်တဲ့ဟာမျိုး  ဒီလိုလေးတွေ ကျွန်တော်တို့ သွားရ မှာ။ မလုပ်လို့မရဘူး။ ပြည်တွင်းမှာလည်း ကုန်ကြမ်း တွေရှိရဲ့သားနဲ့  ကိုယ်ကမလုပ်ဘူး။ ပြည်ပကနေပဲအကုန်ထိုင်ပြီးသွင်းနေလို့ရှိရင် ဒီတိုင်းပြည်မွဲဖို့ပဲရှိ တယ်။ ဒါကြောင့် ဘိလပ်မြေနဲ့ပတ်သက်တာ ပြည်တွင်း မှာ လုံလောက်စွာထုတ်ဖို့  လုပ်ဆောင်နေပါတယ်။ ဓာတ်မြေဩဇာနဲ့ပတ်သက်လိုရှိရင်  စက်ရုံအသစ် လုပ်ချင်တဲ့ သူတွေ ဓာတ်မြေဩဇာထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေ ပြည်တွင်း ပြည်ပ မည်သူမဆို   ကျွန်တော်   ဖိတ်ခေါ်ပါတယ်။ ဓာတ်မြေ ဩဇာထုတ်လုပ်ရေးနဲ့ပတ်သက်ရင်      ဒီအတွက် သွင်းအားစုဖြစ်တဲ့ ကျွန်တော်တို့ Gas နဲ့ လျှပ်စစ်ဓာတ် ရရှိရေးနဲ့ပတ်သက်ပြီး  ကျွန်တော်တို့   ညှိပါမယ်။ ကျွန်တော်တို့က  စောစောကပြောတဲ့  လျှပ်စစ်ကို  ရအောင်၊ တစ်ဖက်ကလည်း တိုးအောင်လုပ်ဖို့အတွက် လုပ်ပြီးတော့မှ   ပြည်တွင်းလိုအပ်ချက်ကို    ခုနက ပြောတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy ကရအောင် လုပ်နိုင်ရင်၊ ဟိုဘက်က Gas ကို ရအောင်လျှော့ပြီး ရတဲ့ဟာကို စက်ရုံအလုပ်ရုံသုံးမယ် ဆိုရင် ဖြစ်နိုင်တယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့ စဉ်းစားရမှာပေါ့။ လွယ်လွယ်ကူကူ။ လွယ်တဲ့နည်းလမ်း တော့ စဉ်းစားလို့မရဘူး။ တိုင်းပြည်ဘယ်လိုတိုးတက် အောင် လုပ်မလဲဆိုတဲ့စိတ်နဲ့ လုပ်မှရမယ်ဆိုတာလေး ကျွန်တော်ပြောလိုပါတယ်။ အဲဒီတော့ ခုနကပြောတဲ့ စီးပွားရေးနဲ့ပတ်သက်ရင်   ကျွန်တော်စွမ်းအင်နဲ့  ပတ်သက်တဲ့   မူဝါဒလည်းပေးခဲ့ပါတယ်။  သံမဏိနဲ့ ပတ်သက်တာကို ကျွန်တော်ပြောပါတယ်။ သံမဏိ လုပ်မယ်ဆိုရင်လည်း  စောစောကဓာတ်မြေဩဇာ စက်ရုံတွေလိုပဲ  သံမဏိစက်ရုံလုပ်မယ်ဆိုလည်း အားပေးပါတယ်။  မည်သည့် တိုင်းရင်းသားလုပ်ငန်းရှင် မဆို၊  မည်သည့်နိုင်ငံမဆို  သံမဏိထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင်   ကျွန်တော်  အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။


ဆက်လက်ပြီး  ၂၀၂၀-၂၀၂၁  ဘတ်ဂျက်ကာလ အတွင်း  အကြမ်းဖျင်းအားဖြင့်   နိုင်ငံခြားပို့ကုန် သွင်းကုန်လုပ်ငန်းများတွင် နိုင်ငံခြားငွေများ ပိုလျှံမှု ရှိကြောင်း၊ မိမိတို့ ချွေတာ၍ရသည့်လုပ်ငန်းများတွင် ယခုထက်ပိုမို   ချွေတာမည်ဆိုပါက  ယခုထက်ပိုမို၍ ပိုငွေများ ပြလာနိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုများ ပဏာမအားဖြင့် များပြားခဲ့ သဖြင့် လျှော့ချရန်လိုကြောင်း၊ ပြည်တွင်းဆီစားသုံးမှု နှုန်းမှာ မြင့်မားလျက်ရှိပြီး လျှော့ချနိုင်ပါက ကုန်သွယ် မှုပိုငွေများ ယခုထက်ပိုမို များပြားလာမည်ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုများအား လျှော့ချရန် လိုကြောင်း။ 


ယင်းနောက်    ပို့ဆောင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင်  “ပို့ဆောင်ရေးနဲ့ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့အားပေးဖို့ လိုတယ်။  မီးရထားတွေ၊    မြို့ပတ်ရထားတွေ၊ ဘတ်စ်ကားလိုင်းတွေ  ဒါတွေများများသုံးနိုင်အောင် လုပ်ပါ၊  ဒါကြောင့်  ကျွန်တော်အရှုံးခံပြီး ရထားလမ်း တွေဖွင့်ခိုင်းပါတယ်။   ဘယ်လောက်ပဲ   ဖျက်ဖျက်၊ ဘယ်လောက်ပဲဖျက်ဖျက် ရအောင်ဆွဲမယ်ဆိုပြီး ကျွန်တော်လုပ်ပေးနေတယ်။  ရထားလမ်းတွေကို လည်းရအောင်  အဆင့်မြှင့်ခိုင်းနေပါတယ်။  ဒါက ဘာလဲဆိုတော့  တိုင်းပြည်အတွက်    အကျိုးရှိတဲ့ လုပ်ငန်းမို့လို့။ စီးပွားရေးအရကြည့်မယ်ဆိုရင်တော့  အကျိုးမရှိနိုင်ပေမယ့်   တိုင်းပြည်အတွက်တော့ အကျိုးရှိတယ်။    Public     Transportation   ကို ကျွန်တော်တို့က အားပေးဖို့လိုတယ်။ အဲဒီ Public Transportation မှာ လျှပ်စစ်ကိုရအောင် ပြောင်းနိုင် လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါကြောင့် ကျွန်တော် က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် တွန်းအား ပေးနေခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထား လမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထား နဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံး  မြို့ပတ်ရထား လမ်းဆို မြို့ပတ်လမ်းအတိုင်းသွားမယ်။ မြို့ပေါ်တွေ မှာသုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။      အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ် အဆင့်မှာပြောင်းပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။  ကိုယ်ပိုင်ကားတွေ၊   ကားငယ်လေးတွ ဆိုလို့ရှိရင်  လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။  နည်းပညာအရ အခြား နိုင်ငံတွေမှာ ဖြစ်နေတဲ့အခြေအနေတွေ ကျွန်တော်တို့ ကြည့်ရဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ ဖြစ်တယ်။ ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေ ဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့  လုပ်ရမယ်။    ဒါမှမလုပ်ရင်လည်း ကျွန်တော်တို့ ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်” ဟု ပြောကြားသည်။ 


SME များကို အားပေးရန်လို


ထို့နောက်  စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်ပမှစားသောက်ကုန်များနှင့် သုံးကုန်များအား တင်သွင်းလျက်ရှိကြောင်း၊ အဆိုပါစားသောက်ကုန် နှင့် သုံးကုန်များအား ပြည်တွင်း၌ လုံလောက်စွာ     ထုတ်လုပ်နိုင်အောင်  ဆောင်ရွက်ရန်လိုပြီး     SME များကို အားပေးရန်လိုကြောင်း၊ ပြည်နယ်နှင့်  တိုင်း ဒေသကြီးများအလိုက် စက်မှုဇုန်များနှင့် စက်ရုံများတွင် ဆောင်ရွက်၍ရကြောင်း၊  နည်းပညာများအသုံးပြု၍   ပြည်တွင်း စားသောက်ကုန်များအား   အရည်အသွေး ပြည့်မီစွာထုတ်လုပ်နိုင်ရေးနှင့်     အိမ်တွင်းစက်မှု လုပ်ငန်းများကို     အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်ပသွင်းကုန်များအား   တတ်နိုင်သမျှလျှော့ချဆောင်ရွက်ရန်လိုကြောင်း။


အားပေးဆောင်ရွက်ရန်လို


ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍    မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများ များစွာရှိပြီး စိုက်ဧက လေးသိန်းခန့်ရှိ ကြောင်း၊ အဆိုပါဝါများကိုလည်း နိုင်ငံတကာအထွက် နှုန်းကို      မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက် နိုင်သဖြင့် ဝါစိုက်ပျိုးမှုနည်းပညာ မြင့်မားရေးအတွက် ပြည်ပနိုင်ငံများနှင့်     ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ဝါစိုက်ပျိုးတောင်သူများအား အားပေး ဆောင်ရွက်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေးအရချမှတ်ထားသည့် မူဝါဒများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး  အဓိကအားဖြင့်  စီးပွားရေး မြှင့်တင်ရန်နှင့်    စည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊  ကျေးလက်နေပြည်သူ များ၏ စီးပွားရေးကိုမြှင့်တင်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကောင်းမွန်မည်ဖြစ်ကြောင်း၊  ပညာရေး မြှင့်တင်ပေးမှုဆောင်ရွက်ရာတွင် အခြေခံပညာအား မသင်မနေရစနစ်ဖြင့်   ဆောင်ရွက်လျက်ရှိကြောင်း၊ အလယ်တန်းအဆင့်ကို ဦးတည်၍ အခြေခံပညာ သင်ကြားခြင်းဖြစ်ကြောင်း၊ KG + 9 အထိ တိုင်းဒေသ ကြီးနှင့်  ပြည်နယ်အားလုံးတွင်  အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊    ဆရာ    ဆရာမများ လုံလောက်စွာရှိရေးအတွက်လည်း ခန့်အပ်ဆောင်ရွက် လျက်ရှိကြောင်း၊   ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှု       သုံးရာခိုင်နှုန်းအောက်   ရရှိသည့်အချိန်တွင်  စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက် လျက်ရှိကြောင်း၊  ကျောင်းသား ကျောင်သူများကို လည်း ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိပြီး လိုအပ်သည့်  ကာကွယ်ဆေးများ ထပ်မံဝယ်ယူရရှိရေး  ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအား ထိန်းချုပ်        နိုင်သည့်အချိန်တွင်  စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ပြီး စက်ရုံ အလုပ်ရုံများ  ပုံမှန်လည်ပတ်နိုင် မည်ဖြစ်သဖြင့်    နိုင်ငံ၏စီးပွားရေးမှာ  ပုံမှန်အခြေ အနေသို့                              

m စာမျက်နှာ ၄ မှ
ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလျှောက်လှမ်းနေသည့်  ဒီမိုကရေစီနှင့်  ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် ရာတွင်  အသိပညာ  အတတ်ပညာ ပေါကြွယ်ဝသည့် လူသားအရင်းအမြစ်များ  မရှိမဖြစ်လိုအပ်သဖြင့်  ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့်  ပြည်နယ် နှင့်   တိုင်းဒေသကြီးများအနေဖြင့်    အလေးထား
ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးမြင့်မားမှသာ  အသိပညာနှင့်  အတတ်ပညာများ တတ်မြောက်လာပြီး ဒီမိုကရေစီကို    နားလည်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုနားလည်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတွင် ပညာတတ်များပေါများစေရေး ပညာရေး မြှင့်တင်မှုကို ဦးစားပေး တွန်းအားပေးဆောင်ရွက်ကြ ရန်လိုကြောင်း မှာကြားသည်။ 
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက်  ရှင်းလင်းတင်ပြဆွေးနွေး၍အတည်ပြု ချက်ရယူကြသည်။
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်
မှူးကြီးမင်းအောင်လှိုင်က    နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်  ပညာရေးနှင့်ပတ်သက်၍  KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက် ပေးရန်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း  စာသင်ကျောင်းများကို အဆင့်မီ အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာ ကျောင်းများတွင်  ဆရာ ဆရာမများ  အပြည့်အဝ ခန့်ထားနိုင်ရေး  ဆောင်ရွက်ရန်လိုကြောင်း၊  နယ်စပ် ဒေသနှင့်  ဝေးလံခေါင်သီဒေသများရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ် မြောက်အောင်      လေ့ကျင့်သင်ကြားပေးရန်လို
ကြောင်း၊   ထို့ပြင် ဆရာ  ဆရာမများအနေဖြင့် ကလေးများ အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရရှိစေရေး  သင်ကြားပေးရန်လည်း   လိုကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အချင်းပြည့်ဝ သည့်  ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ် သွားရန်လိုကြောင်း။
လေ့ကျင့်မွေးထုတ်ပေးရန်လိုအပ်
နိုင်ငံတော်တည်ဆောက်ရာတွင်  လူ့စွမ်းအား အရင်းအမြစ်သည် အရေးကြီးကြောင်း၊  သိပ္ပံဘာသာ ရပ်တွင်  ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာပညာရှင်များ အရေးကြီးသကဲ့သို့  စီးပွားရေးနှင့်  ဥပဒေပညာရှင် များလည်း   လေ့ကျင့်မွေးထုတ်ပေးရန်   လိုအပ် ကြောင်း၊ ထို့ပြင် ကျေးလက်စီးပွားရေးမြှင့်တင်ပေးရန်အတွက်  စိုက်ပျိုးမွေးမြူရေးပညာရှင်များ လိုအပ် ကြောင်း၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ  များစွာ စေလွှတ်နိုင်ပါက   နိုင်ငံတော်အတွက်  အကျိုးရှိ ကြောင်း၊ ပညာတော်သင်များကို နေရာချထားရာ တွင်လည်း  တတ်မြောက်ထားသည့်  ပညာရပ်နှင့် ကိုက်ညီသည့်  လုပ်ငန်းများတွင်  လူမှန်၊ နေရာမှန် တာဝန်ပေးနေရာချထားရန်လိုကြောင်း။


ကျေးလက်စီးပွားရေး    ဖွံ့ဖြိုးတိုးတက်ရန် အတွက်   ထုတ်လုပ်သူ   သမဝါယမအသင်းများ  
ဖွဲ့စည်းထားရှိဆောင်ရွက်လျက်ရှိကြောင်း၊   ဒေသခံ များအနေဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်၊ စီမံခန့်ခွဲ ရောင်းချခြင်းဖြင့် တိုက်ရိုက်အကျိုးစီးပွား ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ကို အခြေခံပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊   ထုတ်ကုန်ပစ္စည်းများအတွက် ပြည်တွင်းကုန်ကြမ်းများ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက်ပြီး   ပြည်ပပို့ကုန်  ထုတ်လုပ်နိုင်သည့် အဆင့်အထိ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း။ 
ပို့ဆောင်ရေးအတွက်လည်း လမ်းများကောင်း မွန်ရန်လိုကြောင်း၊ ကျေးလက်လမ်းများနှင့်ကုန်ထုတ် လမ်းများ ကောင်းမွန်ရေး အလေးပေးဆောင်ရွက်ကြ ရန်  သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့်   ကားလမ်း၊ ရထားလမ်းများ ဖွံ့ဖြိုးတိုးတက်အောင် အလေးပေး ဆောင်ရွက်သွားရန်လိုကြောင်း။   


ခိုင်မာအောင်လုပ်ဆောင်ရမည်

စီးပွားရေး    တည်ငြိမ်တိုးတက်အောင် လုပ်ဆောင်ပြီး ငွေကြေးတန်ဖိုး ပြောင်းလဲမှုမရှိဘဲ ခိုင်မာအောင်   လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  ငွေကြေးတန်ဖိုးကို   ထိန်းသိမ်းပြီး    ဘဏ်စနစ် တည်ငြိမ်အောင် တတ်နိုင်သမျှ ဆောင်ရွက်လျက် ရှိကြောင်း၊ ပို့ကုန်များ များစွာတင်ပို့နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိပြီး သွင်းကုန်ပမာဏ ထိန်းသိမ်း နိုင်ရေး  ဆောင်ရွက်ကာ  တိုင်းပြည်စီးပွားရေး တိုးတက်အောင်  လုပ်ဆောင်နေကြောင်း၊ အဓိက အားဖြင့် မိမိတို့တိုင်းပြည်တိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်နေကြရန်   လိုကြောင်း၊  ဝန်ကြီးဌာန များအနေဖြင့်  လုပ်ဆောင်ရန်ရှိသည့်  လုပ်ငန်းများ အပေါ် ကြိုတင်မြော်တွေး၍ ကြပ်ကြပ်မတ်မတ်ဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။                      

            သတင်းစဉ်