
နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊
ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်း ကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့် တို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
စားရေရိက္ခာပေါများရေးဦးစားပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မည်သည့်နိုင်ငံတွင်မဆို ချမှတ် ထားသည့် နိုင်ငံရေးဆိုင်ရာမူဝါဒများအား အစိုးရ များကအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် သာယာဝပြောသည့် နိုင်ငံ၊ စားရေ ရိက္ခာပေါများသည့် နိုင်ငံဖြစ်ရန်လိုပြီး မိမိတို့အနေဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်နေရခြင်း ကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက စားရေရိက္ခာများ ပေါများမည်ဖြစ်ပြီး ထိုသို့ဆောင် ရွက်နိုင်သည့် အခြေခံစွမ်းအားစုများ မိမိတို့ပြည်တွင်း ၌ အားလုံးရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာ ပေါများရေး ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာ ထုတ်လုပ်သူများသည် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ ပြည်ပပို့ကုန်များတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပဝင်ငွေအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း။
ဦးစားပေးဆောင်ရွက်ပေးလျက်ရှိ
ထိုသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နေသူများသည် ကျေးလက်နေပြည်သူများဖြစ် သဖြင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရေး အတွက် ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ ဘဝတိုးတက် စေရေးအတွက် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများအရ ကျေးလက်ဖွံ့ဖြိုးရေး၊ ကျေးလက်စီးပွားရေး မြှင့်တင် ရေး၊ ပြည်နယ်များ ဖွံ့ဖြိုးရေးတို့အတွက် ဝန်ကြီးဌာန များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဆောင်ရွက်ပေးရန် လိုကြောင်း။
မဖြစ်မနေဆောင်ရွက်
၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်း အစီရင်ခံစာများအရ ဆောင်ရွက်ရမည့် လုပ်ငန်းများ များစွာရှိကြောင်း၊ အဆိုပါစာရင်းတွင် ၅ နှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး ကျောင်းလုံးဝ မနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း၊ အလားတူ ၂၅ နှစ်အထက်လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းရှိပြီး အလယ်တန်းအထိ ပညာသင်ကြားခဲ့သူ ၁၈ သန်းကျော်ရှိသဖြင့် ၇ သန်းကျော်ခန့်သာ အထက်တန်းပညာ သင်ကြားမှုရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှု များရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ “အတန်း ပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ် ပညာရမည်” ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင် ရပ်တည်နိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပညာသင်ကြား ရေးအား မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝန်း ကျောင်းမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကယားပြည်နယ်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ကရင် ပြည်နယ်တွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ချင်းပြည် နယ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၂၃ ရာခိုင် နှုန်းရှိသဖြင့် အဆိုပါပြည်နယ် ၅ ခုသည် ပြည်ထောင်စု ၏ ပျမ်းမျှနှုန်းထက် ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ စာရင်းများအရ မြို့ပြ၌ လူ ၁၀၀ ဦး တွင် ၅ ဦး၊ ကျေးလက်နေလူ ၁၀၀ ဦးတွင် ၉ ဦးသည် ကျောင်းတက်ရောက်မှု မရှိသည်ကိုတွေ့ရှိရကြောင်း၊ လူဦးရေနှင့် အသက်အပိုင်းအခြားအရ ၅ နှစ်မှ ၉ နှစ်အတွင်း ၉၂ ရာခိုင်နှုန်း ကျောင်းနေသည်ကို တွေ့ရှိရသော်လည်း ၁၀ နှစ်မှ ၁၅ နှစ်အရွယ်တွင် မူလတန်းလွန်မှ အလယ်တန်းအဆင့် ၇၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိတော့ကြောင်း၊ ၁၆ နှစ်မှ ၂၉ နှစ် အထိ ပညာသင်ကြားသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိ ကြောင်း၊ အသက်အပိုင်းအခြားအရ မူလတန်းပညာသင်ကြားသည့်အရွယ်များသော်လည်း အလယ်တန်း ပညာမှ အဆင့်မြင့်ပညာအထိ သင်ကြားသူများ နည်းပါးသွားကြောင်း၊ ထိုသို့ နည်းပါးသွားခြင်းတွင် ပညာသင်ကြားရန်အတွက် ငွေကြေးမတတ်နိုင်သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ မိဘအလုပ်အား ကူညီနေရသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို ဝင်ရောက်ကူညီပေးရသူ ၇ ဒသမ ၂ ရာခိုင် နှုန်းရှိပြီး စုစုပေါင်းရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များကို အစိုးရအနေဖြင့် ဝင်ရောက်ကူညီဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံ၏စီးပွားရေးကို အဓိကထား ဆောင်ရွက်ပေး နေခြင်းဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထား မြှင့်တင်ပေးရန်လိုကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။
လူနေမှုဘဝကိုမြှင့်တင်ပေး
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အခြေခံဆောင်ရွက်လျက်ရှိသော်လည်း စိုက်ပျိုးရေးတက္ကသိုလ် တစ်ခု၊ မွေးမြူရေးနှင့် ကုသ ရေးဆေးတက္ကသိုလ် တစ်ခုသာရှိကြောင်း၊ အချို့ ပြည်နယ်နှင့် တိုင်းများတွင်လည်း စိုက်ပျိုးရေးသိပ္ပံ များရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးပြည့်စုံအောင် မဖွင့်လှစ်နိုင်သေးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှုရှိစေ ရန်အတွက် စိုက်ပျိုးမွေးမြူရေးသိပ္ပံများ ဖွင့်လှစ်ခြင်း၊ ထိုမှတစ်ဆင့် ကောလိပ်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အဓိက လိုအပ်ချက်များရှိသည့် နေရာများတွင် တက္ကသိုလ်အဆင့်အထိ ဆက်လက် တိုးမြှင့် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သို့မှသာ ကျေးလက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက် လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူနေမှု ဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
နည်းပညာအရဖောက်ထွက်
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းများ ကောင်းမွန် စွာရရှိရန်လိုကြောင်း၊ စိုက်ပျိုးရေး တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အဆိုပါကိစ္စရပ်များ အား အထိုက်အလျောက် အသုံးချနိုင်မည်ဖြစ်ကြောင်း၊ မြေဩဇာအသုံးပြုရာတွင်လည်း သဘာဝမြေဩဇာ များနှင့် ဓာတ်မြေဩဇာများ လိုအပ်ကြောင်း၊ အထွက်နှုန်းတိုးစေရန်အတွက် ကျန်းမာရေးရှုထောင့် က လက်ခံထားသည့် ဓာတ်မြေဩဇာများကိုလည်း အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာများ ရရှိစေရေးအတွက် သဘာဝဓာတ်မြေဩဇာများဖြစ်သည့် Bio Fertilizers များ၊ သစ်ဆွေးမြေဩဇာများ၊ နွားချေး ဝက်ချေး မြေဩဇာများနှင့် အီးအမ်ဘိုကာချီမြေဩဇာများ သည် ပြည်တွင်း၌ရရှိနိုင်သည့် နည်းလမ်းဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှောင်မွေးသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူရန် လိုအပ်ကြောင်း၊ မိရိုးဖလာမွေးမြူရေး စနစ်များဖြင့် ရောင့်ရဲမနေဘဲ တိုးတက်အောင် နည်းပညာအရ ဖောက်ထွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ စနစ်တကျမွေးမြူနိုင်ရန်အတွက် အစိုးရအနေဖြင့် တိုက်တွန်းပေးခြင်း၊ ကူညီပေးခြင်း၊ ဆွဲတင်ပေးခြင်း များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်းတိုး၍ ပြည်ပ ဝင်ငွေများ တိုးတက်လာပြီး သာယာဝပြောသည့် နိုင်ငံတည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတွင်း ဓာတ်မြေဩဇာ လိုအပ်ချက်နှင့် ပတ်သက်၍ ပြောကြားရာတွင် “ပြည်တွင်းမှာ ဓာတ်မြေဩဇာစက်ရုံ (၅) ရုံရှိတယ်။ ဒီ (၅) ရုံထဲက (၂) ရုံက လောလောဆယ်တော့ နည်းပညာအရ အိုဟောင်းတော့ သက်တမ်းသိပ်ကြာသွားတော့ မလုပ်နိုင်တော့ဘူး။ ကျန်တဲ့ (၃) ရုံနဲ့ ထုတ်နေကြ တယ်။ မြေဩဇာကို ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် (၃) ရုံရှိတယ်။ ကျော်စွာလည်း ဓာတ်ငွေ့ ပြဿနာကြောင့် ရပ်ထားရတယ်။ ထုတ်ဖို့ကြိုးစား နေပါတယ်။ ဒါတောင်မှ အဲဒီစက်ရုံပါပြီးတော့မှ ထုတ်မယ်ဆိုရင် တစ်နှစ်မှ စွမ်းအားပြည့်လည်ရင် (၃) သိန်းလောက်ပဲ ထုတ်နိုင်တယ်။ ကျော်စွာ စက်ရုံအပါအဝင် ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် (၃) ရုံ ကျွန်တော်တို့ဆီမှာ စောစောက ပြောတဲ့ မိုးစပါး (၁၅) သန်း၊ နွေစပါး (၃) သန်း၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတွေ စိုက်တာတွေ ရှိသေးတယ်။ အများကြီးပဲ။ ဥပမာအားဖြင့် စာရင်းတောင်း ကြည့်တာ ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေး မှာစိုက်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လောက် ရှိလဲ မေးကြည့်တဲ့ အခါကျတော့ ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေးမှာ မိုးစပါးစိုက်ဧက (၁၀) သန်းနဲ့ (၉) သိန်းရှိတယ်။ (၁၁) သန်းထားပါတော့။ နွေစပါး (၂) သန်းကျော်ရှိတယ်။ အစေ့ထုတ်ပြောင်းက (၄)သိန်းကျော်ရှိတယ်။ ပဲမျိုးစုံ (၉) သန်း ရှိတယ်။ ဆီထွက်သီးနှံပေါင်း (၆) သန်း ကျော်ရှိတယ်။ စက်မှု သီးနှံ (၈) သိန်းကျော်ရှိတယ်။ အားလုံးပေါင်း သန်း (၃၀) လောက် ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်း မြစ်ဘေးမှာ စိုက်နေတဲ့ သီးနှံတွေရှိတယ်။ ဒီဟာ တွေကို ကျွန်တော်တို့က မြေဩဇာပေးမယ်ဆိုရင် တစ်ဧကကို တစ်အိတ်နှုန်းပဲ ကြည့်ဦး နည်းတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ (၃) နှစ်လောက်က ပြည်ပက သွင်းတဲ့ မြေဩဇာတွေကြည့်ပါ။ ယူရီးယားနဲ့ ကွန်ပေါင်းနှစ်မျိုးတည်းကို တစ်နှစ်ကို တန်ချိန် တစ်သန်းခွဲ လောက် သွင်းရတယ်။ ဒေါ်လာသန်းပေါင်း ၂၈၀ လောက်ကုန်တယ်။ ဒါပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ် က ဈေး။ ဒီနှစ်ဈေးနဲ့ဆို မရဘူး။ နှစ်ဆလောက် တက်သွားမယ်။ ၂၈၀ ဆို ၅၆၀ လောက်ဖြစ်သွားမယ်။ စောစောကပြောတဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ နိုင်ငံပိုင် စက်ရုံ (၃) ရုံက (၃) သိန်းပဲ ထုတ်နိုင်တယ်ဆိုတော့ ပြည်ပက သွင်းတာ တစ်သန်းခွဲလောက် သွင်းနေရ တယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီမှာ ဓာတ်မြေ ဩဇာတွေ လိုအပ်ချက်ရှိနေတယ်။ ဓာတ်မြေဩဇာ ကတော့ ဂတ်စ်ကို အခြေခံပြီး ထုတ်ပါတယ်။ ယူရီးယားဓာတ်မြေဩဇာ၊ ဓာတ်မြေဩဇာစက်ရုံတွေ ဆောက်ဖို့လိုပါတယ်” ဟု ပြောကြားသည်။
အကျိုးဖြစ်ထွန်းစေမည်
မြစ်ချောင်းများအနီး စိုက်ပျိုးရေး လုပ်ငန်း များတွင် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများအား ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေများ လုံလောက်စွာရရှိပြီး အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အကျိုးရှိစွာ အသုံးချခြင်းမပြုနိုင်ဘဲ ပင်လယ် အတွင်းသို့ စီးဝင်သွားသည်ကို ပညာရှင်များက ထောက်ပြထားကြောင်း၊ အဆိုပါရေများအား မိမိတို့ အနေဖြင့် အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ရေချိုရှားပါးမှု ပြဿနာများရှိ ကြောင်း၊ ဆည်ရေများကိုလည်း ချွေတာသည့်စနစ်နှင့် လုံလောက်အောင်သုံးသည့် စနစ်တို့ ပေါင်းစပ်ပြီး စိုက်ပျိုးရေး စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း။
လေအားလျှပ်စစ်ဓာတ်အားများထုတ်ယူ
မိမိတို့နိုင်ငံတွင် ကမ်းလွန်နှင့် ကုန်းတွင်းသဘာဝ ဓာတ်ငွေ့များ ထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်း ၌လည်း သဘာဝဓာတ်ငွေ့များ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင်လည်း လေအားလျှပ်စစ် ဓာတ်အားများ ထုတ်ယူ၍ရကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအား လျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ အသုံးချရန် လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ရရှိသောအခြေအနေပေါ်မူတည်၍ Small Scale, Median Scale များကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် အားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
အဆင့်မီသည့် အုတ်များ ထုတ်လုပ်
ပြည်တွင်းကုန်ထုတ်လုပ်မှုများအတွက် ဆောင် ရွက်လျက်ရှိသည့် စက်ရုံများတွင် ဓာတ်ငွေ့များ လိုအပ်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့အား ပြည်တွင်း ၌ လုံလောက်စွာအသုံးချနိုင်ရေး စွမ်းအင်မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ကျောက် မီးသွေးများကိုလည်း စနစ်တကျအသုံးချ၍ စက်ရုံ များတွင် လိုအပ်သည့် စွမ်းအင်များထုတ်လုပ်နိုင် ရေး အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက် ရာတွင် လိုအပ်သည့် ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အဆင့်မီသည့် အုတ်များ ထုတ်လုပ်နိုင်ရေး အတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း။
စွမ်းအင်နဲ့ပတ်သက်တဲ့မူဝါဒ
ပြည်တွင်း၌ ဘိလပ်မြေနှင့် သံချောင်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဘိလပ် မြေစက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် ၃ ရုံ အားလုံးပေါင်း ၁၉ ရုံရှိတယ်။ သူရဲ့ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားပြည့် ထုတ်မယ်ဆိုရင် ၁၆ သန်းနဲ့ ၁၇၀၀၀၀ ထုတ်နိုင်တယ်။ တချို့က Dry Process ပေါ့၊ တချို့ကလည်း Wet Process နဲ့လုပ်တယ်။ အစိုနည်း၊ အခြောက်နည်းပေါ့။ တကယ်ကတော့ အခြောက်နည်းကတော့ မြန်မာဘက်မှာတော့ အကောင်းဆုံးနည်းလမ်းပါ။ ဘိလပ်မြေစက်ရုံများ ကိုလည်း Dry Method ကိုပြောင်းကြပါ။ ဒီအတွက် နိုင်ငံတော်ကနေပြီးတော့ ငွေချေးပေးမယ်။ ကျွန်တော် နိုင်ငံခြားငွေ ချေးပေးနိုင်ပါတယ်။ ကျွန်တော် ပြည်ပကနေဝယ်ဖို့အတွက် လိုတဲ့ပိုက်ဆံ ကျွန်တော်တို့ ချေးပေးလို့ရပါတယ်။ လုပ်ထုံး လုပ်နည်းနဲ့ ဆောင်ရွက်မယ်ဆိုရင် လုပ်ပေးလို့ ရတယ်။ ပြည်တွင်း ဘိလပ်မြေလုပ်ငန်းအားပေး ရမယ်။ ၁၆ သန်း ထုတ်နိုင်တယ်။ အခုကျွန်တော်တို့ စာရင်းကောက်ကြည့်တဲ့အခါမှာ ၁၀ သန်းကနေ ၁၁ သန်းလောက် သုံးနေပါတယ်။ ဆိုလိုတာက လုံလောက်မှုရှိတယ်။ ပြည်ပက ဘာမှ ဘိလပ်မြေ သွင်းစရာအကြောင်းမရှိဘူး။ သွင်းတဲ့ဘိလပ်မြေ ဘာလို့သွင်းတာလဲမေးကြည့်တော့ Quality ကောင်း လို့တဲ့။ အဲဒါဆိုကိုယ့်ဆီက ဘိလပ်မြေတွေ Quality ကောင်းအောင်လုပ်ရမယ်။ Standard တစ်ခု ပေးရ မှာပေါ့။ EU ရဲ့ Standard ဘယ်လောက်လဲ၊ UK ရဲ့ Standard ဘယ်လောက်ရှိလဲ အမေရိကန် Standard ဘယ်လောက်နဲ့ညီရမယ်၊ တရုတ် Standard နဲ့ ဘယ်လောက် ညီရမယ်၊ ဂျပန် Standard နဲ့ ဘယ်လောက်ညီရမယ်။ ဒီ Standard ကို ကျွန်တော် တို့ရဖို့ ဒီစက်ရုံတွေ လုပ်ကိုလုပ်ရမယ်။ မလုပ်ရင် အဲဒီစက်ရုံ ပိတ်မယ်။ ဒီလိုသွားမှ ရမှာပေါ့။ မှိန်းလိုက် နေရင်ဘယ်လိုမှကို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တစ်နေ့ကလည်း သက်ဆိုင်ရာ ဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို ပြောပါတယ်။ ခင်ဗျားတို့နယ်မြေမှာရှိတဲ့ ဥပမာရှမ်းပြည်နယ်တို့၊ မန္တလေးတိုင်းတို့ဆိုရင် ဘိလပ်မြေစက်ရုံတွေရှိ တယ်။ နေပြည်တော်ကောင်စီဆိုရင် ဘိလပ်မြေစက်ရုံ တွေရှိတယ်။ စစ်ပါ။ ပြီးရင်ခုနကပြောတဲ့ မူဝါဒနဲ့ ဖြစ်အောင်လုပ်ပါ။ အဲဒါဆိုရင် ပြည်ပကနေ ဘိလပ် မြေ တင်သွင်းမှုတွေ လျော့ကျသွားမယ်။ မရှိအောင် လုပ်လို့ရတယ်။ ပြီးတော့ သံချောင်းပေါ့။ မြန်မာ နိုင်ငံမှာ သံမဏိကုန်ကြမ်းထုတ်နိုင်တဲ့ သံကြမ်းတွေရှိ ပါတယ်။ လေးနေရာလောက်က စီးပွားဖြစ်ထုတ်လို့ ရနိုင်တဲ့ တကယ့်ကိုနှစ်ပေါင်းများစွာထုတ်လို့ရနိုင်တဲ့နေရာတွေရှိတယ်။ လေးနေရာ လောက်ရှိတယ်။ အဲဒီတော့ သံကလည်း အတူတူပဲ ပြည်ပကနေ သံချောင်းတွေ တင်သွင်းနေရတာရှိတယ်။ အဲ့ဒါ ကြောင့် သံမဏိ စက်ရုံတည်ဆောက်ရေးနဲ့ ပတ်သက် ပြီးတော့လည်း ကျွန်တော်လိုက်လံအားပေးနေပါ တယ်။ ကျွန်တော်တို့က သံချောင်းအသေးလေးတွေနဲ့ ကျေနပ်နေလို့မရဘူး။ ငါးမူးလုံးတို့။ တစ်ကျပ်လုံးတို့။ ဒီလိုကနေပြီးတော့ မျိုးစုံသွားရမှာပေါ့ H Beam တို့ I Beam တို့ ထုတ်နိုင်တဲ့အဆင့်တို့၊ တံတားဆောက် နိုင်တဲ့ဟာမျိုး ဒီလိုလေးတွေ ကျွန်တော်တို့သွားရမှာ။ မလုပ်လို့မရဘူး။ ပြည်တွင်းမှာလည်း ကုန်ကြမ်းတွေ ရှိရဲ့သားနဲ့ ကိုယ်ကမလုပ်ဘူး။ ပြည်ပကနေပဲ အကုန်ထိုင်ပြီး သွင်းနေလို့ရှိရင် ဒီတိုင်းပြည်မွဲဖို့ ပဲရှိတယ်။ ဒါကြောင့် ဘိလပ်မြေနဲ့ ပတ်သက်တာ ပြည်တွင်းမှာ လုံလောက်စွာထုတ်ဖို့ လုပ်ဆောင် နေပါတယ်။ ဓာတ်မြေဩဇာနဲ့ ပတ်သက်လို့ရှိရင် စက်ရုံအသစ် လုပ်ချင်တဲ့သူတွေ ဓာတ်မြေဩဇာ ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ ပြည်တွင်း ပြည်ပ မည်သူမဆို ကျွန်တော် ဖိတ်ခေါ် ပါတယ်။ ဓာတ်မြေဩဇာထုတ်လုပ်ရေးနဲ့ ပတ်သက် ရင် ဒီအတွက် သွင်းအားစုဖြစ်တဲ့ ကျွန်တော်တို့ Gas နဲ့ လျှပ်စစ်ဓာတ် ရရှိရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ညှိပါမယ်။ ကျွန်တော်တို့က စောစောကပြောတဲ့ လျှပ်စစ်ကိုရအောင်၊ တစ်ဖက်ကလည်း တိုးအောင်လုပ်ဖို့အတွက်လုပ်ပြီးတော့မှ ပြည်တွင်းလိုအပ် ချက်ကို ခုနကပြောတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy ကရအောင် လုပ်နိုင်ရင်။ ဟိုဘက်က Gas ကို ရအောင်လျှော့ပြီး ရတဲ့ဟာကို စက်ရုံ အလုပ်ရုံသုံးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ဒါမျိုး တွေကိုလည်း ကျွန်တော်တို့ စဉ်းစားရမှာပေါ့။ လွယ်လွယ်ကူကူ။ လွယ်တဲ့နည်းလမ်းတော့ စဉ်းစား လို့မရဘူး။ တိုင်းပြည် ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ စိတ်နဲ့ လုပ်မှရမယ်ဆိုတာလေး ကျွန်တော် ပြောလိုပါတယ်။ အဲဒီတော့ ခုနကပြောတဲ့ စီးပွားရေးနဲ့ ပတ်သက်ရင် ကျွန်တော်စွမ်းအင်နဲ့ ပတ်သက်တဲ့ မူဝါဒလည်းပေးခဲ့ပါတယ်။ သံမဏိနဲ့ ပတ်သက်တာကို ကျွန်တော်ပြောပါတယ်။ သံမဏိ လုပ်မယ်ဆိုရင်လည်း စောစောက ဓာတ်မြေဩဇာ စက်ရုံတွေလိုပဲ သံမဏိစက်ရုံလုပ်မယ်ဆိုလည်း အားပေးပါတယ်။ မည်သည့် တိုင်းရင်းသား လုပ်ငန်း ရှင် မဆို၊ မည်သည့်နိုင်ငံမဆို သံမဏိထုတ်လုပ်ရေး နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော် အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက် ပေးမယ်လို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။
ပြည်တွင်းဆီစားသုံးမှုနှုန်းမှာမြင့်မား
ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကာလ အတွင်း အကြမ်းဖျင်းအားဖြင့် နိုင်ငံခြားပို့ကုန် သွင်းကုန် လုပ်ငန်းများတွင် နိုင်ငံခြားငွေများ ပိုလျှံ မှုရှိကြောင်း၊ မိမိတို့ ချွေတာ၍ ရသည့်လုပ်ငန်းများတွင် ယခုထက်ပိုမိုချွေတာမည်ဆိုပါက ယခုထက်ပိုမို၍ ပိုငွေများ ပြလာနိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုများ ပမာဏအားဖြင့် များပြား ခဲ့သဖြင့် လျှော့ချရန်လိုကြောင်း၊ ပြည်တွင်းဆီ စားသုံးမှုနှုန်းမှာ မြင့်မားလျက်ရှိပြီး လျှော့ချနိုင်ပါက ကုန်သွယ်မှုပိုငွေများ ယခုထက်ပိုမို များပြားလာမည် ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုများအား လျှော့ချရန်လိုကြောင်း။
ယင်းနောက် ပို့ဆောင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ပို့ဆောင်ရေးနဲ့ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့ အားပေး ဖို့လိုတယ်။ မီးရထားတွေ၊ မြို့ပတ်ရထားတွေ၊ ဘတ်စ်ကားလိုင်းတွေ။ ဒါတွေများများ သုံးနိုင်အောင် လုပ်ပါ၊ ဒါကြောင့် ကျွန်တော်အရှုံးခံပြီး ရထား လမ်းတွေ ဖွင့်ခိုင်းပါတယ်။ ဘယ်လောက်ပဲဖျက်ဖျက် ကွာလို့၊ ဘယ်လောက်ပဲဖျက်ဖျက် ရအောင်ဆွဲမယ် ဆိုပြီး ကျွန်တော် လုပ်ပေးနေတယ်။ ရထားလမ်း တွေကိုလည်းရအောင် အဆင့်မြှင့်ခိုင်းနေပါတယ်။
ဒါက ဘာလဲဆိုတော့ တိုင်းပြည်အတွက် အကျိုး ရှိတဲ့ လုပ်ငန်းမို့လို့။ စီးပွားရေးအရကြည့်မယ် ဆိုရင်တော့ အကျိုးမရှိနိုင်ပေမယ့် တိုင်းပြည်အတွက် တော့ အကျိုးရှိတယ်။ Public Transportation ကို ကျွန်တော်တို့က အားပေးဖို့လိုတယ်။ အဲ့ဒီ Public Transportation မှာ လျှပ်စစ်ကို ရအောင်ပြောင်း နိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါ့ကြောင့် ကျွန်တော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် တွန်းအားပေးနေခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံး မြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေ ဖြစ်ရမယ်။ ဒီမူဝါဒကို တွက်နေပါ တယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်း ပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်း ဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရ အခြားနိုင်ငံ တွေမှာ ဖြစ်နေတဲ့အခြေအနေတွေ ကျွန်တော်တို့ ကြည့်ရ ဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ ဖြစ်တယ်။ ဘတ်စ်ကားတွေ ဖြစ်နိုင်တယ်။ ဒီဟာ တွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကို ပြောင်းရမယ် ဆိုပြီး ကျွန်တော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လည်း ကျွန်တော်တို့ ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်” ဟု ပြောကြားသည်။
အရည်အသွေးပြည့်မီစွာထုတ်လုပ်
ထို့နောက် စားသောက်ကုန်နှင့် ပတ်သက်၍ ပြည်ပမှ စားသောက်ကုန်များနှင့် သုံးကုန်များအား တင်သွင်းလျက်ရှိကြောင်း၊ အဆိုပါ စားသောက်ကုန် နှင့် သုံးကုန်များအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်လိုပြီး SME များကို အားပေးရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်း များအလိုက် စက်မှုဇုန်များနှင့် စက်ရုံများတွင် ဆောင်ရွက်၍ရကြောင်း၊ နည်းပညာများ အသုံးပြု၍ ပြည်တွင်းစားသောက်ကုန်များအား အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် အိမ်တွင်းစက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်ပသွင်းကုန်များအား တတ်နိုင်သမျှ လျှော့ချဆောင်ရွက်ရန်လိုကြောင်း။
အားပေးဆောင်ရွက်ရန်လို
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများ များစွာရှိပြီး စိုက်ဧက ၄ သိန်းခန့် ရှိကြောင်း၊ အဆိုပါဝါများကိုလည်း နိုင်ငံတကာ အထွက်နှုန်းကို မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက် နိုင်သဖြင့် ဝါစိုက်ပျိုးမှု နည်းပညာမြင့်မားရေးအတွက် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ဝါစိုက်ပျိုးတောင်သူများအား အားပေး ဆောင်ရွက်ရန်လိုကြောင်း။
ဒီမိုကရေစီကိုနားလည်လာမည်
မိမိတို့အနေဖြင့် နိုင်ငံရေးအရချမှတ်ထားသည့် မူဝါဒများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကအားဖြင့် စီးပွားရေး မြှင့်တင်ရန်နှင့် စည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူ များ၏ စီးပွားရေးကို မြှင့်တင်နိုင်မည်ဆိုပါက နိုင်ငံ စီးပွားရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ ပညာရေး မြှင့်တင်ပေးမှု ဆောင်ရွက်ရာတွင် အခြေခံပညာအား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလယ်တန်းအဆင့်အား ဦးတည်၍ အခြေခံ ပညာသင်ကြားခြင်းဖြစ်ကြောင်း၊ KG + 9 အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ လုံလောက်စွာရှိရေးအတွက်လည်း ခန့်အပ်ဆောင် ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၃ ရာခိုင်နှုန်းအောက် ရရှိသည့်အချိန်တွင် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို လည်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိပြီး လိုအပ်သည့် ကာကွယ်ဆေးများ ထပ်မံဝယ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများအား ထိန်းချုပ်နိုင် သည့်အချိန်တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ပြီး စက်ရုံ အလုပ်ရုံများ ပုံမှန်လည်ပတ် နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏စီးပွားရေးမှာ ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် အသိပညာ အတတ်ပညာ ပေါကြွယ်ဝသည့် လူသားအရင်းအမြစ်များ မရှိမဖြစ် လိုအပ်သဖြင့် ပညာရေးနှင့် ပတ်သက်သည့် အားနည်းသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေဖြင့် အလေးထား ဆောင်ရွက်ကြရန်လို ကြောင်း၊ ပညာရေးမြင့်မားမှသာ အသိပညာနှင့် အတတ်ပညာများ တတ်မြောက်လာပြီး ဒီမိုကရေစီကို နားလည်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုနားလည် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများစေရေး ပညာရေးမြှင့်တင် မှုကို ဦးစားပေး တွန်းအားပေးဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည် ပြုချက် ရယူကြသည်။
လေ့ကျင့်မွေးထုတ်သွားရန်လို
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက် ပေးရန်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်းများကို အဆင့်မီ အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမများ အပြည့်အဝ ခန့်ထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ် ဒေသနှင့် ဝေးလံခေါင်သီဒေသများရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ် မြောက်အောင် လေ့ကျင့်သင်ကြားပေးရန်လို ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့် ကလေး များ အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရရှိစေရေး သင်ကြားပေးရန်လည်းလိုကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အချင်းပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်သွား ရန်လိုကြောင်း။
နိုင်ငံတော် တည်ဆောက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်သည် အရေးကြီးကြောင်း၊ သိပ္ပံဘာသာ ရပ်တွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာပညာရှင်များ အရေးကြီးသကဲ့သို့ စီးပွားရေးနှင့် ဥပဒေပညာရှင် များလည်း လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ် ကြောင်း၊ ထို့ပြင် ကျေးလက်စီးပွားရေးမြှင့်တင် ပေးရန်အတွက် စိုက်ပျိုးမွေးမြူရေး ပညာရှင်များ လိုအပ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ များစွာစေလွှတ်နိုင်ပါက နိုင်ငံတော်အတွက် အကျိုး ရှိကြောင်း၊ ပညာတော်သင်များကို နေရာချထားရာ တွင်လည်း တတ်မြောက်ထားသည့် ပညာရပ်နှင့် ကိုက်ညီသည့် လုပ်ငန်းများတွင် လူမှန်၊ နေရာမှန် တာဝန်ပေး နေရာချထားရန်လိုကြောင်း။
သမဝါယမစနစ်ကို အခြေခံ
ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်သူ သမဝါယမအသင်းများ ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်၊ စီမံခန့်ခွဲရောင်းချခြင်း ဖြင့် တိုက်ရိုက်အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ သမဝါယမစနစ်ကို အခြေခံပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအတွက် ပြည်တွင်း ကုန်ကြမ်းများ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက် ပြီး ပြည်ပပို့ကုန် ထုတ်လုပ်နိုင်သည့်အဆင့်အထိ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။
ပို့ဆောင်ရေးအတွက်လည်း လမ်းများကောင်းမွန် ရန်လိုကြောင်း၊ ကျေးလက်လမ်းများနှင့် ကုန်ထုတ် လမ်းများ ကောင်းမွန်ရေး အလေးပေးဆောင်ရွက်ကြ ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ကားလမ်း၊ ရထားလမ်းများ ဖွံ့ဖြိုးတိုးတက်အောင် အလေးပေး ဆောင်ရွက်သွားရန်လိုကြောင်း။
စီးပွားရေးတည်ငြိမ်တိုးတက်အောင် လုပ်ဆောင် ပြီး ငွေကြေးတန်ဖိုး ပြောင်းလဲမှု မရှိဘဲ ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးကို ထိန်းသိမ်းပြီး ဘဏ်စနစ် တည်ငြိမ်အောင် တတ်နိုင် သမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်များ များစွာ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး သွင်းကုန်ပမာဏ ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ကာ တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နေ ကြောင်း၊ အဓိကအားဖြင့် မိမိတို့ တိုင်းပြည်တိုးတက် အောင် လုပ်ကိုင် ဆောင်ရွက်နေကြရန်သာလို ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် လုပ်ဆောင်ရန် ရှိသည့် လုပ်ငန်းများအပေါ် ကြိုတင်မျှော်တွေး၍ ကြပ်ကြပ်မတ်မတ်ဖြင့် အလေးအနက်ထား ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
သတင်းစဉ်