ကော့သောင်းမြို့တွင် ပါးစပ်၊ နှာခေါင်းစည်း မတပ်ဆင်သူများအား မိုဘိုင်းအသွင်သဏ္ဌာန်ဖြင့် အရေးယူမှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

 

ကော့သောင်း   နိုဝင်ဘာ  ၄


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ်ကာ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ပါးစပ်၊ နှာခေါင်းစည်း မတပ်ဆင် သူများအား မိုဘိုင်းအသွင်သဏ္ဌာန်ဖြင့် အရေးယူမှုလုပ်ငန်းများကို ယနေ့ ညနေပိုင်းက  မြို့၏အသွားအလာများပြားရာလမ်းဆုံများတွင် ကြပ်မတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 


အရေးယူဆောင်ရွက်မှုတွင်  မြို့နယ် ကိုဗစ်-၁၉   ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဌာနဆိုင်ရာများ၊   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊       ကျန်းမာရေးဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့မှ မိုဘိုင်းအသွင်သဏ္ဌာန်ဖြင့်  မြို့အဓိကလမ်းမကြီးများတွင် ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသူများ၊ဈေးရောင်းဈေးဝယ်လုပ်နေသူများ    ရှောင်တခင် လိုက်လံစစ်ဆေး ကြပြီး စစ်ဆေးတွေ့ရှိပါက   ဒဏ်ငွေရိုက်ကာ  ထပ်မံကျူးလွန်ပါက သဘာဝဘေးဆိုင်ရာဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း   ခံဝန် ကတိလက်မှတ်ထိုးစေခြင်းကို တင်းကျပ်စွာ  ဆောင်ရွက်ကြခြင်းဖြစ် ကြောင်း သိရသည်။

 


 စဉ်ဆက်မပြတ်ဆောင်ရွက်


ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုသည် ယခုရက်ပိုင်းအတွင်းလျော့ကျလာနေသော်လည်း  ရောဂါပိုးတွေ့ရှိသူ များ ဆက်လက်ပေါ်ထွက်လျက်ရှိရာ ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက် မှုအဖြစ် မြို့နေပြည်သူများ  လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင် ကြရေး ဒေသန္တရအမိန့် ညွှန်ကြားချက်များထုတ်ပြန်ကာ ကျယ်ကျယ် ပြန့်ပြန့် အသိပေးထားပြီးဖြစ်သော်လည်း   စည်းကမ်းမလိုက်နာသူ ပြည်သူတချို့ကြောင့်  ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး    စဉ်ဆက် မပြတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏   ပြောဆိုချက်အရ သိရသည်။


 ကျော်စိုး (ကော့သောင်း)