
ကော့သောင်း အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ မြို့ကျက်သရေဆောင် ပြည်တော် အေးစေတီတော်၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဘုရားဖူးလာရောက် ကြသည့် ပြည်သူများ အေးချမ်းစွာဘုရားဖူးကုသိုလ် ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ကော့သောင်းမြို့၏ အထင်ကရဘုရားတစ်ဆူ ဖြစ်သည့် ပြည်တော်အေးစေတီတော်ဘုရား ရင်ပြင် တော်တွင် မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်နီး ရပ်ဝေးမှ ဘုရားဖူးလာပြည်သူများက ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်း၊ ဘုရားဝတ်ပြုဆုတောင်းသူများ၊ စားစရာမုန့်များ၊ ကလေးကစားစရာ၊ အဝတ်အထည်များ စသဖြင့် ဘုရားပွဲဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျက် ရှိပြီး ဘုရားဂေါပကအဖွဲ့များက စေတီတော်ရင်ပြင် အတွင်းသို့ လာရောက်ကြသည့် ဘုရားဖူးလာ ပြည်သူ များအား ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ကြည်ညိုနိုင်ရေး နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)