
ကော့သောင်း ဒီဇင်ဘာ ၁၂
ကော့သောင်းမြို့ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူ ဒေသခံပြည်သူ များအပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားမိသားစုများ တစ်စတစ်စပြန်လည်လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
စည်ကားလျက်ရှိ
အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပင်လယ်ကျွန်းအပန်းဖြေခရီး သွားရောက်သည့်သူများ မိသားစု အလိုက်၊ အစုအဖွဲ့များအလိုက် မိမိတို့ သွားရောက်လည်ပတ်ကြမည့် ပင်လယ် ကျွန်းများရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီ၏ ပို့ဆောင်ပေးမည့် Speed Boat များ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့ ဘုရင့်နောင်ဆိပ်ကမ်းဗောတံတား တွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ပြန်လည်အသက်ဝင်လာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုကာလတစ်လျှောက် ကော့သောင်း မြို့၏ ပင်လယ်အပန်းဖြေခရီးသွားလုပ်ငန်းကဏ္ဍ ရပ်ဆိုင်းခဲ့ရပြီး ယခုအချိန် ကာလအတွင်း နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုစည်းကမ်းချက်များနှင့် အညီ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုပြီးချိန်တွင် ယခင် ကာလများက စည်ကားခဲ့သည့် ကော့သောင်းဒေသ၏ ပင်လယ်အပန်းဖြေခရီးသွား လုပ်ငန်း ပြန်လည်အသက်ဝင်လာကာ ဒေသခံခရီးသွားများအပြင် ပြည်တွင်း ခရီးသွားဧည့်သည်များလည်း ပြန်လည် လာရောက် လည်ပတ်လျက်ရှိကြောင်း၊ အထူးသဖြင့် အများပြည်သူအားလပ်ရက် များဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်လျက်ရှိကြောင်း ခရီးသွား လုပ်ငန်းကုမ္ပဏီများမှတစ်ဆင့် သိရသည်။
လာရောက်လည်ပတ်
ကော့သောင်းဒေသ၏ အပန်းဖြေ ပင်လယ်ခရီးထွက်လည်ပတ်ကြရာတွင် ခရီးသွားများ အထူးနှစ်ခြိုက်ကြသည့် သာယာလှပတင့်မောဖွယ် ကမ်းခြေ သဲသောင်များ၊ အပန်းဖြေအနားယူရန် နေရာများရှိရာ အက်ဒမန်ပင်လယ်အတွင်း ရှိ ညောင်ဦးဖီးကျွန်း၊ စေတန်ကျွန်း၊ မြင်းခွာ ကျွန်း၊ ကြက်မောက်ကျွန်း(အသည်းပုံ ကျွန်း)၊ ဇာဒက်ကြီးကျွန်း၊ ခရင်းခွကျွန်းနှင့် ပါရာဒိုက်များသို့ နေ့ချင်းပြန်ခရီးစဉ်အဖြစ် အများဆုံး လာရောက်လည်ပတ်ကြ ကြောင်း သိရသည်။
ဒေသခံ ခရီးသွားကုမ္ပဏီများ၏ ပြောပြချက်အရ ပင်လယ်အပန်းဖြေခရီး သွားမည့် ဧည့်သည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက် များနှင့် အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံပြီးကြောင်း အထောက် အထားများ တင်ပြနိုင်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် လက်အိတ်နှင့် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ထားရန် လိုအပ်ကြောင်း၊ ပင်လယ်ခရီးစဉ်ဖြစ် သဖြင့် ခရီးသွားများ အသက်အန္တရာယ် မဖြစ်ပေါ်ရေး၊ ပင်လယ်ကြမ်းပြင် သဘာဝ သယံဇာတများ၊ ဂေဟစနစ်များ ပျက်စီး ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် ခရီးသွား လုပ်ငန်းကုမ္ပဏီများ၏ စည်းကမ်းချက်များ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။
ခရီးသွားဧည့်သည် အများစုမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလ တစ်လျှောက် မွန်းကျပ်ခဲ့သည့် မြို့ပြ၏ လူနေမှုစနစ်အတွင်းမှ လတ်ဆတ် သန့်ရှင်းသည့် ပင်လယ်လေကို အားပါး တရ ရှူရှိုက်လိုခြင်း၊ ထူးခြားဆန်းကြယ်လှ သည့် ရေမြေတောတောင် ပင်လယ် သတ္တဝါများစွာ၏ သဘာဝအရှိတရားကိုမျက်မြင်ကိုယ်တွေ့ခံစားလိုခြင်း စသည့် ရည်ရွယ်ချက်ဖြင့် လာရောက်လည်ပတ် ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)