
ကော့သောင်း အောက်တိုဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ခရီးသွားမည့်သူများ၊ ခရီးမှ ပြန်လာသူများနှင့် မြို့ခံဖျားနာသူများ၊ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့ သူများနှင့် ဈေးသူဈေးသားများကို ကျန်းမာရေးဌာန က ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်- ၁၉ ရောဂါ တတိယ အကျော့ ကူးစက်ဖြစ်ပေါ်မှုအစပိုင်းတွင် ကော့သောင်း မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူများ နေ့စဉ်များပြားခဲ့သော်လည်း ယခုရက်ပိုင်း အတွင်း ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုဖြစ်စဉ်များ သိသာစွာ ကျဆင်းလာနေကြောင်း သိရသည်။
အထူးသဖြင့် ရောဂါကူးစက်မှုမှာ လူသူများပြား ရာ ဈေးများတွင် အများဆုံးဖြစ်ပေါ်လေ့ရှိသဖြင့် ရောဂါဆက်လက်ကူးစက်ဖြစ်ပွားမှု လက်ရှိ အခြေ အနေများကို သိရှိနိုင်ရန် ခရိုင်ကျန်းမာရေးဌာနက မြို့၏ လူသူအသွားအလာများပြားရာ အထင်ကရ ဈေးကြီးများဖြစ်သည့် မြို့မဈေးမှ ဈေးသူဈေးသား ၁၅၀၊ ဘုရင့်နောင်ဈေးမှ ဈေးသူဈေးသား ၄၇ ဦး၊ စုစုပေါင်း ၁၉၇ ဦးကို အောက်တိုဘာ ၂၃ ရက်က ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်မှု ရှိ မရှိ ကွင်းဆင်း စစ်ဆေးပေးရာ စစ်ဆေးခံသူ ၁၉၇ ဦးလုံး ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ စက်ရုံအလုပ်ရုံလုပ်သားများ၊ ဈေးသည်များနှင့် လူငယ်လူရွယ်များ၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများ အပါအဝင် အသက် ၁၈ နှစ်ပြည့်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူအားလုံး မည်သူ့ကိုမဆို အခမဲ့ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များကို တိကျစွာ ဆက်လက်လိုက်နာ ပူးပေါင်းပါဝင်ပေးကြရန် ဒေသ တာဝန်ရှိအဖွဲ့အစည်းများက မြို့အနှံ့ စဉ်ဆက်မပြတ် နှိုးဆော် အသိပေးမှုများကြောင့်လည်း ယခုကဲ့သို့ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခြင်းဖြစ်သည်။
ကျော်စိုး
(ကော့သောင်း)