ကော့သောင်းခရိုင်အခြေပြု ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၂ သန်းရရှိ

 

ကော့သောင်း   အောက်တိုဘာ   ၂၃


မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းခရိုင်သည် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းဖြင့် ရေလုပ်ငန်း ကို အဓိက လုပ်ကိုင်သောဒေသဖြစ်ရာ  ၂၀၂၁-၂၀၂၂  ကာလတိုဘတ်ဂျက်အစ  အောက်တိုဘာ ၁ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ရနောင်းသို့ ‌ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅  ဒသမ ၄၂ သန်း ရရှိခဲ့ကြောင်း သိရသည်။
 

ကော့သောင်းခရိုင်တွင် ကမ်းဝေးငါးဖမ်းဆီးရာ ၌ ငါးဖမ်းကိရိယာအစုံဖြင့် ဖမ်းဆီးသော ရေယာဉ် ပေါင်း ၁၇၀ ရှိရာ  တရွတ်ဆွဲပိုက်  ရေယာဉ် ၂၇ စင်း၊  ဝိုင်းချုပ်ပိုက်ရေယာဉ် ၂၅ စင်း၊ ငါးမျှားတန်း နှစ်စင်း၊ မြှုံးကဏန်းဖမ်းရေယာဉ် ရှစ်စင်း၊  မျှောပိုက်ရေယာဉ် နှစ်စင်းနှင့်  ကင်းမွန်ဖမ်းရေယာဉ်  ၁၀၆  စင်းတို့ဖြင့်  ကမ်းဝေးလုပ်ငန်းခွင်      ဝင်ရောက်လျက်ရှိသည်။ လက်ရှိတွင် ကမ်းနီး/ကမ်းဝေးငါးဖမ်းရေယာဉ် ၂၈၉ စင်း ပင်လယ်ပြင်တွင် ငါး၊  ပုစွန်ဖမ်းဆီးလျက်ရှိပြီး ရနောင်းသို့   အောက်တိုဘာလ   တတိယပတ်ထိ ရေယာဉ် ၃၃၅ စင်းဖြင့် ရေထွက်ကုန်များတင်ပို့ခဲ့ရာ ကုန်တန်ချိန် ၁၄၀၃၇ တန်ကျော်မှ   အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၄၂ သန်း ရရှိခဲ့သည်။

 


 “တနင်္သာရီတိုင်းဟာ  ရေလုပ်ငန်းကိုအခြေပြု ပြီး  ကျန်တဲ့လုပ်ငန်းတွေ   လည်ပတ်ရတာဖြစ်တဲ့ အတွက် ရေလုပ်ငန်းမှာဝင်ငွေများများရရင် ဒေသခံ ရေလုပ်သားတွေ ဘဝရပ်တည်ဖို့  အဆင်ပြေသလို နိုင်ငံတော်အတွက်လည်း       ဝင်ငွေရရှိပါတယ်။ ပြီးတော့ ရေထွက်ကုန်ရောင်းဝယ်မှုအဆင်ပြေရင် သူနဲ့ဆက်စပ်မှုအားလုံးလည်း     အဆင်ပြေတာ ကြောင့် စီးပွားရေးကွင်းဆက်ဖွံ့ဖြိုးမှုလို့ဆိုရမှာပါ။အခုလို ပွင့်လင်းရာသီအစမှာ ရေထွက်ကုန်တင်ပို့မှု ကနေ အောက်တိုဘာ  ၁ ရက်ကစပြီး ၂၁ ရက်အထိ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၂ သန်း ရရှိထားပါ တယ်” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွဋ်က  ပြောကြားသည်။

 

ယခုရာသီသည် ဈေးကွက်ဝင်  ကင်းမွန်ဖမ်း ရာသီဖြစ်၍ တစ်လလျှင် အနည်းဆုံး ၂၂ ရက် ကင်းမွန် ဖမ်းဆီးလေ့ရှိပြီး   လဆန်းရက်နှင့်   လပြည့်ရက် တို့တွင် အလင်း‌ရောင်ကြောင့်  ကင်းမွန်ဖမ်းဆီးလေ့ မရှိဘဲ ဝိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးသောရေလုပ်ငန်း နှင့်ဆင်တူသည့် အမှောင်ထုတွင် လျှပ်စစ်မီးအလင်း ရောင်ပေး၍ ငါးဖမ်းသောစနစ်ဖြင့် ဖမ်းဆီးခြင်းဖြစ် သည်။   ဝယ်လိုအားကောင်းသော  ကင်းမွန်ရေထွက် ကုန်ကို   အောက်တိုဘာလမှ     ဒီဇင်ဘာလအထိ ထဲထဲဝင်ဝင်ဖမ်းဆီးလေ့ရှိပြီး ရနောင်းငါးဈေးကွက် ၌ ကင်းမွန်ရှည်အကြီး  တစ်ကီလို  ဘတ် ၆၀ နှင့်  အသေးဘတ် ၄၀ ဖြင့် လည်းကောင်း၊ ကင်းမွန်လိပ် အကြီး  တစ်ကီလိုလျှင်   ဘတ်  ၁၂၀ နှင့်  အသေး ဘတ် ၉၀ ဖြင့်  လည်းကောင်း ဈေးကွက်ဝင်လျက်ရှိသည်။

 


ကော့သောင်းကမ်းခြေမှ ၁၀  မိုင်အတွင်း ကမ်းနီး ဧရိယာအဖြစ်သတ်မှတ်ထားပြီး ၁၀ မိုင် ကျော်ပါက ကမ်းဝေးဧရိယာအဖြစ် သတ်မှတ်၍       ငါး/ပုစွန် ဖမ်းဆီးခွင့်ပြုထားသော  ဧရိယာအတွင်း၌သာ ဖမ်းဆီး ခွင့်ပြုထားခြင်းဖြစ်သည်။  တနင်္သာရီတိုင်းဒေသကြီး တွင် ငါးဖမ်းကွက် ၅၂ ကွက်ရှိပြီး ကော့သောင်းခရိုင် အတွင်း၌ ငါးဖမ်းကွက်၂၂ ကွက်တွင် F-6၊ S-6၊ E-24 အကွက်တို့သည်   ငါးဖမ်းဆီးမှု အများဆုံးဧရိယာ များဖြစ်သည်။    လန်ပိကျွန်း၏    နှစ်မိုင်အတွင်း ရေသယံဇာတထိခိုက်မှုမရှိစေရန် ငါး၊ ပုစွန်ဖမ်းဆီးခွင့် ကို တားမြစ်ထားပြီး ဖမ်းဆီးခွင့်ပြုထားသော နေရာ တို့တွင် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားသော ငါးဖမ်းပိုက်အမျိုးအစားနှင့်အညီ  ခွင့်ပြုထားလျက် ရှိကြောင်း သိရသည်။


သတင်း-ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး