ကျောင်းသား ကျောင်းသူများကို လမ်းညွှန်ဆုံးမနိုင်ရေး ဆရာ ဆရာမများအနေဖြင့် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်

 

ဘိုကလေး   နိုဝင်ဘာ   ၁၀


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့ နံနက် ၉ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ယခုစာသင်နှစ်အတွက် အသစ်ခန့်အပ်ထားသည့် အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များ တွေ့ဆုံပွဲကျင်းပသည်။

 


အဆိုပါ   ဆရာ   ဆရာမသစ်လွင်များသည် နိုဝင်ဘာ ၈    ရက်မှစတင်၍   သင်တန်းကာလတစ်လဖြင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင်       မွမ်းမံ သင်တန်း  တက်ရောက်နေခြင်းဖြစ်ပြီး  ၎င်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်တွေ့ဆုံ ခြင်းဖြစ်ကြောင်းနှင့်  တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများအပေါ် စာကိုလည်းသင်၊ လူကိုလည်း ပြင်စေလိုကြောင်း၊    နာ(၃)နာကို   အခြေခံပြီး ကျောင်းသား   ကျောင်းသူများအတွက်  စံပြနမူနာ ဖြစ်အောင် ကျင့်ကြံနေထိုင်စေလိုကြောင်း၊ ကျောင်း သား ကျောင်းသူများကို လမ်းညွှန်ဆုံးမနိုင်ရေး ဆရာ   ဆရာမများအနေဖြင့်   စာပေများ  ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

 


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်က မွမ်းမံသင်တန်းတက်ရောက်နေသည့် ဆရာ ဆရာမ များအတွက် ချီးမြှင့်ငွေကျပ်သိန်း ၄၀ ပေးအပ်ပြီး ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က လက်ခံရယူသည်။ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်       တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လှိုင် နှင့်အဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့၊   မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ     ဦးသိန်းဇော်ဦးနှင့် အဖွဲ့၊    ခရိုင်ပညာရေးမှူး၊   မြို့နယ်ပညာရေးမှူး၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ     ကျောင်းအုပ် ကြီးနှင့်       တာဝန်ရှိသူများ၊    မွမ်းမံသင်တန်း တက်ရောက်သည့်   ဆရာ   ဆရာမ   သစ်လွင်များ တက်ရောက်ကြသည်။

 


ယင်းနောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်   ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ စာသင်ဆောင်များ၊ သင်တန်းသားအိပ်ဆောင်များ၊ စားဖိုဆောင်နှင့်   ဆောက်လုပ်ဆဲ သင်တန်းသား ဆောင်တို့ကို လှည့်လည်ကြည့်ရှုပြီး အောင်တော်မူ ဘုရားအတွင်းရှိ     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာန၊   မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးမှုလုပ်ငန်းများကို   ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။ 


 မိုးစက်(ဘိုကလေး)