ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကို ပုံဖော်ရာမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကလည်း အရေးပါသလို နိုင်ငံ့ဝန်ထမ်းများနဲ့ အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု တည်ဆောက်ခြင်းနဲ့ အများယုံကြည်မှု တည်ဆောက်ခြင်းတို့လည်း လိုအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း 
 

 

ဒီဇင်ဘာလ(၉)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ      အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား တက်ရောက်လာ ကြသော ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးကို  မင်္ဂလာအပေါင်းနဲ့  ပြည့်စုံကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။


ကမ္ဘာတစ်ဝန်းမှာ ကျင်းပပြုလုပ်


ကုလသမဂ္ဂအထွေထွေညီလာခံက   ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ဆုံးဖြတ်ချက် အမှတ် ၅၈ / ၄    နဲ့    ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိအမြင်များ ကျယ်ပြန့်လာစေရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့      တားဆီး ကာကွယ်ရေးအပိုင်းတို့မှာ ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်ရဲ့  အဓိကကျတဲ့ အခန်း ကဏ္ဍများကို    ပိုမိုသိရှိနားလည်စေဖို့အတွက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ တစ်ဝန်းမှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။
ဒါကြောင့်      အပြည်ပြည်ဆိုင်ရာအဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားများကို         ကမ္ဘာ့အသိုက်အဝန်းအတွင်း ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနည်းတူ မိမိတို့ မြန်မာ နိုင်ငံမှာလည်း ၂၀၁၇ ခုနှစ်မှစပြီး ခမ်းနားသိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့ပါတယ်။  ယခုနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပုဂ္ဂိုလ်များတက်ရောက်တဲ့ အခမ်းအနားမဟုတ်ဘဲ     Virtual Format နဲ့သာ ကျင်းပရခြင်းဖြစ်ပါတယ်။


ကုလသမဂ္ဂကချမှတ်ထားတဲ့ ၂၀၃၀ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ  (SDGs)ရဲ့ ပန်းတိုင်-၁၆ မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်း၍ အားလုံးပါဝင် နိုင်သော အဖွဲ့အစည်းများတိုးတက်စေရေး၊ အားလုံး အတွက် တရားမျှတမှုဖြစ်ပေါ်စေရေးနှင့် အဆင့် တိုင်း၌ ထိရောက်၍  တာဝန်ခံမှု၊  တာဝန်ယူမှုရှိ သော  လူတိုင်းအကျုံးဝင်သည့်       အဖွဲ့အစည်းများ ထူထောင်ရေး” ကို ဖော်ပြထားပါတယ်။ အစိုးရဌာန/အဖွဲ့အစည်းများအနေနဲ့       အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအတွင်း သန့်ရှင်းတဲ့ အစိုးရနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်း ပြီး တိုးတက်သာယာတဲ့နိုင်ငံတော်ကို တည်ဆောက် နိုင်မယ်လို့ ယုံကြည်မိပါတယ်။


ပေါင်းကူးတံတား


ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို ပုံဖော်ရာ မှာ   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကလည်း အရေးပါသလို နိုင်ငံ့ဝန်ထမ်းများနဲ့ အဖွဲ့အစည်းများ အတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု တည်ဆောက် ခြင်းနဲ့ အများယုံကြည်မှု တည်ဆောက်ခြင်းတို့လည်း လိုအပ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဆိုတာ နိုင်ငံတော် နဲ့ ပြည်သူများအကြားက ပေါင်းကူးတံတားဖြစ်ပါ တယ်။ နိုင်ငံတော်အပေါ်  ပြည်သူများရဲ့ယုံကြည်မှု တွေရရှိဖို့အတွက်ဆိုရင်    ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကျင့်ဝတ် တွေကို လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အဲ့ဒီလိုလိုက်နာဖို့အတွက်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့က   နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို   ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါ တယ်။ အဆိုပါ စံတန်ဖိုးများရဲ့ အဓိကရည်ညွှန်းထား တာကတော့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ရာမှာ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန် ယူမှုနဲ့ တာဝန်ခံမှုရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်းနဲ့ တရားမျှတစွာ ဆောင်ရွက် ခြင်းအစရှိတဲ့ အခြေခံကျင့်ဝတ် စံတန်ဖိုးများကို အဓိကလက်ကိုင်ထားစေဖို့ ရည်ရွယ်လမ်းညွှန်ထား တာဖြစ်လို့ ဝန်ထမ်းအားလုံး လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။
အဂတိလိုက်စားမှု၊ အဂတိတရားဆိုတဲ့ အသုံး အနှုန်းနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ မလုပ်ဖို့ တားမြစ်ဆုံးမတာတွေဟာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ဗုဒ္ဓတရားတော်များရဲ့ အဆုံးအမတွေနဲ့အညီ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဂတိတရား(၄)ပါး ဆိုတာကို တော်တော်များများ သိကြပါတယ်။ 
ဆန္ဒာဂတိ      -    ချစ်သည်ဖြစ်၍ ဘက်မလိုက် သင့်သည်ကိုလိုက်၍ မပြုလုပ် သင့်တာကို ပြုလုပ်မိခြင်း။
ဒေါသာဂတိ      -    မုန်းသည်ဖြစ်၍ ဘက်မလိုက် သင့်သည်ကိုလိုက်၍ မပြုလုပ် သင့်တာကို ပြုလုပ်မိခြင်း။
ဘယာဂတိ      -    ကြောက်သဖြင့် ဘက်မလိုက် သင့်သည်ကိုလိုက်၍  မပြုလုပ် သင့်တာကို ပြုလုပ်မိခြင်း။
မောဟာဂတိ -    တွေဝေသဖြင့် ဘက်မလိုက် သင့်သည်ကိုလိုက်၍ မပြုလုပ် သင့်တာကို ပြုလုပ်မိခြင်း။
တို့ပဲဖြစ်ပါတယ်။  ဒါကြောင့်  အဂတိတရားဆိုတဲ့ အဓိပ္ပာယ်ဟာ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ကမ္ဘာ ထက် ပိုမိုကျယ်ပြန့်နက်နဲတယ်လို့  ပြောလိုပါတယ်။
ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနေ


အဂတိလိုက်စားမှုဟာ   နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊    အုပ်ချုပ်မှုနယ်ပယ်တွေမှာ ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှု အပြုအမူများ၊ နိုင်ငံပိုင်ပစ္စည်းနဲ့  သက်ဆိုင်တဲ့  အဂတိလိုက်စားမှု အပြုအမူများ၊ လူသားအရင်းအမြစ်နဲ့သက်ဆိုင်သည့် အဂတိလိုက်စားမှုအပြုအမူများ၊ လုပ်ပိုင်ခွင့်အာဏာ နဲ့သက်ဆိုင်တဲ့    အဂတိလိုက်စားမှုအပြုအမူများ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနေတာဖြစ်ပါတယ်။ 


ဒါကြောင့် ကဏ္ဍအသီးသီးမှာ နိုင်ငံတော်ရဲ့ တာဝန်တွေကိုထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ အဂတိလိုက်စားမှုဖြစ်ပေါ်စေတဲ့ အပြုအမူတွေကို ရှောင်ရှားပြီး     အများပြည်သူအကျိုးစီးပွားကို ဦးတည်ချက်ထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
တကယ်တော့  အဂတိလိုက်စားမှုဆိုတာဟာ အများပြည်သူ အကျိုးစီးပွားဆောင်ရွက်ရန် မိမိကို ယုံကြည်အပ်နှင်းထားတဲ့  လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး မိမိအကျိုးစီးပွားအတွက် အလွဲသုံးစား ပြုလုပ်ခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအား လုပ်ပိုင်ခွင့်၊ ချင့်ချိန်နိုင်ခွင့် အလွန်အကျွံ အပ်နှင်း ထားခြင်း၊ ချင့်ချိန်နိုင်မှုလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထား ခြင်း၊    ချင့်ချိန်ဆောင်ရွက်မှုကို   ထိရောက်စွာ စောင့်ကြည့်စစ်ဆေးတဲ့ နည်းစနစ်များမရှိခြင်း၊ မိမိ တို့ရဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်ယူမှုမရှိခြင်း တို့ဟာ အဂတိလိုက်စားမှု ပိုမိုဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရပါတယ်။
ပြဋ္ဌာန်းပေးနိုင်ခဲ့


အဂတိလိုက်စားမှုပြဿနာများကို   ဖြေရှင်း ဆောင်ရွက်ရာမှာ    နိုင်ငံတော်အစိုးရရဲ့  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအပေါ် စိတ်ဆန္ဒပြင်းပြစွာ နဲ့   မူဝါဒချမှတ်ဆောင်ရွက်နိုင်ဖို့လိုသလို  ဥပဒေ မူဘောင် ခိုင်မာရေးကလည်း အရေးကြီးပါတယ်။ ဒါကြောင့် မိမိတို့အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေကို  ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး အသိပညာပေးခြင်း၊    တားဆီးကာကွယ်ခြင်းနဲ့      အရေးယူဆောင်ရွက်ခြင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်       ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
အဂတိလိုက်စားမှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေ နိုင်တဲ့အတွက် နိုင်ငံတော်အတွင်း အဂတိလိုက်စားမှု ကြီးများကို ဖော်ထုတ်ပြီး ဘက်လိုက်မှုမရှိဘဲ ဥပဒေ နဲ့အညီ အရေးယူခဲ့တဲ့အပြင်   အစိုးရဌာန/ အဖွဲ့ အစည်းများအတွင်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့(Corruption-Prevention Unit)များကိုလည်း စနစ်တကျ အကောင်အထည်ဖော် ဖွဲ့စည်းမှုများ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ဌာနများမှာ အဂတိလိုက်စားမှုများ ယခုထက်လျော့နည်းကျဆင်း လာမှာဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း  အဂတိလိုက်စားမှုကို လက်မခံတဲ့  ဖြောင့်မတ်တည်ကြည်မှုရှိတဲ့  ယဉ်ကျေး မှုတစ်ရပ် ဖြစ်ထွန်းလာစေဖို့အတွက် ပြည်သူလူထု တစ်ဦးချင်းစီက  အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်မှသာ မိမိလုပ်ငန်းခွင်၊ မိမိ နေထိုင်ရာ လူမှုပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှု နဲ့ အဂတိကင်းစင်သော  လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။


အဂတိလိုက်စားမှုပြဿနာများကို     စိစစ် အကဲဖြတ်ခြင်း၊ ပြုပြင်ပြောင်းလဲရေးများကို ရေးဆွဲ အကောင်အထည်ဖော်ခြင်းတို့မှာ  ပြည်သူလူထု ပါဝင်ဆောင်ရွက်လာရေးဟာ      အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး မဟာဗျူဟာတွေမှာ အရေး ကြီးတဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာ   ဖော်ပြလို ပါတယ်။ အဂတိလိုက်စားမှုကို လျှော့ချဖို့ရည်ရွယ်တဲ့ မည်သည့် အစီအစဉ်မဆို အဂတိလိုက်စားမှုကြောင့် ထိခိုက်နစ်နာသူများအား ပါဝင်ပတ်သက်ခွင့်ရဖို့ အရေးကြီးပါတယ်။ ညွှန်ကြားချက်တွေ၊ စည်းမျဉ်း စည်းကမ်းတွေကို အများပြည်သူ လွယ်ကူရှင်းလင်း စွာ သိနားလည်တဲ့  ဖော်ပြချက်တွေနဲ့  ပြုပြင်ဖို့တွေ လည်း ပါဝင်လာမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့  ပြောကြားလိုတာကတော့ မြန်မာနိုင်ငံမှာ  အဂတိကင်းစင်တဲ့  လူ့အသိုင်းအဝိုင်း ဖြစ်လာရေးမှာ  ရှိနေဆဲဖြစ်တဲ့  အဂတိလိုက်စားမှု တွေ   လျော့ပါးသွားအောင်   အဂတိလိုက်စားမှုဖြစ်စဉ် တွေကို   စုံစမ်းစစ်ဆေးအရေးယူရမှာဖြစ်သလို နောင်အနာဂတ်မှာလည်း      အဂတိလိုက်စားမှု ကင်းစင်တဲ့ နိုင်ငံတော်တစ်ရပ်ဖြစ်စေရေးအတွက် အစိုးရဌာန/ အဖွဲ့အစည်းအသီးသီးက  တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီ လက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အလေး အနက်တိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုအပ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။