
နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း ၌ ကျင်းပသည်။ (ယာပုံ)
တက်ရောက်
သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်း သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အားကောင်းခြင်း အပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝ သည့် နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနယ်ပယ်သည် ဘဏ္ဍာငွေရရှိမှု အရင်းအမြစ်များ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ရေး၊ အသုံးစရိတ်များကို စနစ်တကျခွဲဝေ ရေး၊ ခွဲဝေပေးသော အသုံးစရိတ်များကို ထိရောက်စွာ အကျိုးရှိရှိသုံးစွဲ နိုင်မှု ရှိ/မရှိ စောင့်ကြည့်သတ်မှတ်ရေး စသည့်အဆင့်အလိုက် လုပ်ငန်း စဉ်များစွာဖြင့် ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း။
စနစ်တကျအသုံးချသွားကြစေလို
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံ သင်တန်း၊ အထူးကာလတို သင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းကို (၅) ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း သင်တန်းသား ၁၈၇ ဦးကို သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းကို တက်ရောက်သည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ ရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်၊ အကြောင်းအရာများကို သေချာစွာ လေ့လာသင်ကြားပြီး မိမိတို့၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှုတွင် စနစ်တကျ အသုံးချသွားကြစေလိုကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်း အမှတ်စဉ် (၆) သို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်း နှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးအဆင့်နှင့် ဒုတိယ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၂၇ ဦး တက်ရောက်ကြမည် ဖြစ်ပြီး ရက်သတ္တ (၅) ပတ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်