
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းလွန်ကျောင်းများကို နိုဝင်ဘာ ၁ ရက်တွင် နိုင်ငံတော်၏အစီအမံဖြင့် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းများ ဖွင့်လှစ်မည့်အစီအစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးဦးခင်ဇော်နှင့် အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ကျောင်းများပြန်ဖွင့်လှစ်ဖို့ မြို့နယ်အတွင်း စီစဉ်ထားရှိမှုကို ပြောပြပေးပါ။
ဖြေ။ ။ တနင်္သာရီမြို့နယ်မှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ရဲ့အစမှာ ကျောင်း ၄၇ ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပြန်ပိတ်လိုက်ပါတယ်။ အခု နိုဝင်ဘာ ၁ ရက်မှာ ကျောင်းတွေပြန်ဖွင့်ဖို့ ညွှန်ကြားလာတဲ့အတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ကျွန်တော်နဲ့ ကျောင်းအုပ်ကြီးတချို့ ၂၉ ရက်ကတွေ့ဆုံပြီး ကျောင်း ၄၇ ကျောင်း လုံး အခုအခါပြန်လည်ဖွင့်လှစ်ရင် အဆင်ပြေ/မပြေ၊ လုံခြုံရေးအခြေ အနေတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီကျောင်း ၄၇ ကျောင်းထဲက ၃၃ ကျောင်းကို နိုဝင်ဘာ ၁ ရက်မှာ ဖွင့်ဖြစ်ပါမယ်။ ကျန်တဲ့ ၁၄ ကျောင်းကိုတော့ လုံခြုံရေးအခြေအနေအရ ဖွင့်ဖြစ်မှာမဟုတ်သေးပါဘူး။
မေး။ ။ မဖွင့်နိုင်တဲ့ကျောင်းတွေက ဘယ်ကျေးရွာအုပ်စုတွေထဲက ဖြစ်ပါသလဲ။
ဖြေ။ ။ တကူကျေးရွာအုပ်စုထဲက အထက-တကူ၊ ပဝကျေးရွာ အုပ်စု ထဲက အထက-ပဝရွာ၊ ကော့မပြင်းကျေးရွာအုပ်စုမှ
အလက-ကော့မပြင်းကျောင်းနဲ့ သာရဖုံ၊ သာရဘွင်၊ ဘန်းပြည့်၊ သင်္ဘောဦးနဲ့ မောတောင်မြို့ အမှတ်(၉)ကျေးရွာအုပ်စုစတဲ့ ကျေးရွာ အုပ်စုတွေထဲက အလက(ခွဲ)ကျောင်းတွေနဲ့ မူလတန်းလွန်ကျောင်းတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ အမှတ်(၃)နဲ့ အမှတ်(၉) မူလွန်ကျောင်း နှစ်ကျောင်းကိုတော့ ကျောင်းဖွင့်ပြီး တစ်ပတ်၊ နှစ်ပတ်ခန့် စောင့်ကြည့် ပြီးရင် ဆက်ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။
မေး။ ။ ဘယ်ကျောင်းတွေဖွင့်မယ်/ မဖွင့်ဖြစ်သေးဘူးဆိုတာ ကျောင်းအုပ်ကြီးတွေနဲ့ ကျောင်းသား ကျောင်းသူများ သိရှိနိုင်ဖို့ ဘယ်လိုစီမံထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့မှာ မြို့နယ်ပညာရေးဂရု(group)ကို ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများအားလုံးပါဝင် ဖွဲ့ပေး ထားပြီး၊ လေ့ကျင့်ပေးထားပြီးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ အသိပေးလိုတာတွေ၊ သိလိုတာတွေ အကုန်လုံးကို အဲဒီဂရုက တစ်ဆင့် ဆက်သွယ်လိုက်ရင် အကုန်သိရှိရပါတယ်။ ကျောင်းအုပ် ကြီးတွေကတစ်ဆင့် ကျောင်းအကျိုးဆောင်အဖွဲ့တွေ၊ ရပ်/ကျေးအုပ် ချုပ်ရေးအဖွဲ့တွေ၊ ကျောင်းသားမိဘများအထိ အလွယ်တကူ သိရှိနိုင် ပါတယ်။
မေး။ ။ ကျောင်းအုပ်ကြီးတွေကို အခြားညွှန်ကြားချက်များ ရှိပါသေးလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျောင်းဖွင့်ရင် ဆရာ ဆရာမတွေရော ကျောင်းသူ ကျောင်းသားတွေပါ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း စနစ်တကျလက်ဆေးဖို့၊ လက်ဆေးဘေစင်ထားရှိဖို့၊ ကိုယ်အပူချိန်တိုင်းတာမှတ်သားဖို့နဲ့ စာသင်ခန်းအတွင်း တစ်ဦးနဲ့တစ်ဦး လေးပေ အကွာမှာနေပြီး စည်းကမ်းချက်တွေလိုက်နာဖို့၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာဖို့ စတဲ့ ညွှန်ကြားချက်တွေ ချပြထားပြီး ကျောင်းအုပ်ကြီးတွေကလည်း အသိပညာပေးခြင်းတွေကို ဆောင်ရွက် လျက်ရှိကြပါတယ်။
မေး။ ။ ကျောင်းတွေဖွင့်ရင် ကျောင်းသားဟောင်းတွေပဲ တက် ခွင့်ရှိပါသလား။ ကျောင်းမအပ်ရသေးတဲ့ ကျောင်းသူ ကျောင်းသားတွေကိုရော လက်ခံပါသလား။
ဖြေ။ ။ အားလုံးကို လက်ခံပါတယ်။ လောလောဆယ်မှာ Grade-6 မှ Grade-11 အထိ ကျောင်းသား ကျောင်းသူတွေကို ဦးစားပေး လက်ခံပေးမှာဖြစ်ပါတယ်။ အရင် ကျောင်းစဖွင့်တုန်းက ကျောင်းအပ်နှံပြီးသားတွေရော ကျောင်းမအပ်ရသေးတဲ့ ကျောင်းသား တွေပါ ကျောင်းလာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းအပ်နှံမှု ကိုလည်း လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကျောင်းသားမိဘ တွေ၊ အုပ်ထိန်းသူတွေကလည်း မိမိတို့ရဲ့ သားသမီးတွေ အခြား ကျောင်းသူ ကျောင်းသားတွေနဲ့တန်းတူ ပညာသင်ကြားခွင့်ရအောင် ကျောင်းလာတက်ကြဖို့၊ ကျောင်းလာအပ်ပေးဖို့ တိုက်တွန်းမေတ္တာ ရပ်ခံချင်ပါတယ်။
မေး။ ။ ဆရာကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ နိုင်ငံတော်အကြီးအကဲများရဲ့အစီအမံနဲ့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေလည်း ထိုးနှံ ပေးပြီးပြီ။ ခုလို ကျောင်းတွေပြန်လည်ဖွင့်ခွင့်ပြုပေးတဲ့အတွက် အတိုင်း မသိဝမ်းသာ ကျေးဇူးတင်မိပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့ မိမိရဲ့သားသမီးတွေရဲ့ အနာဂတ်မပျောက်ရလေအောင် ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ ကျောင်းလာတက်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြပါ။ ကျောင်းလာတက်ပါမှ ကိုဗစ်ရောဂါကာကွယ်ဆေးကိုလည်း အချိန်မီ အကြိမ်ပြည့် ထိုးနှံပေးနိုင်မှာဖြစ်တယ်။ ကာကွယ်ဆေးထိုးနှံ ပြီးမှဘက်စုံပညာတွေကို လုံခြုံစိတ်ချစွာ သင်ယူခွင့်ရရှိမှာဖြစ်တဲ့ အတွက် မဖြစ်မနေ ကျောင်းသို့စေလွှတ်ပေးဖို့ အထူးမေတ္တာရပ်ခံ ဖြည့်စွက်ပြောကြားလိုပါတယ်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)