ကျောက်ပန်းတောင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့် ပိုးတွေ့မှုနှုန်းကျဆင်း၍ ရောဂါကုသရေးစင်တာနှစ်ခု ပိတ်သိမ်း

 

ကျောက်ပန်းတောင်း   စက်တင်ဘာ   ၂၉


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှင့် ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသဖြင့် ပိုးတွေ့သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည့်   အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းရှိ    ကုသရေးစင်တာနှင့် အရန်အဖြစ်  ပြင်ဆင်ထားရှိခဲ့သည့်   စံပြရပ်ကွက် မူလတန်းလွန်ကျောင်း   ကုသရေးစင်တာများကို ယနေ့နံနက်တွင် ပိတ်သိမ်းလိုက်သည်။


ကျောက်ပန်းတောင်းမြို့နယ်တွင်  ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ကိုဗစ်- ၁၉ ရောဂါ   ပိုးစစ်ဆေး တွေ့ရှိမှုများပြားခဲ့ရာ   အဆိုပါပိုးတွေ့လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု     ပေးနိုင်ရန်အတွက် မြို့နယ်   ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်  ကုသရေး စင်တာနှင့်      အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ WORKSHOP အဆောက်အအုံတို့တွင်    ကုသရေး စင်တာများ ဖွင့်လှစ်ထားရှိကာ ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရသည်။ 


အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်း တောင်း)ရှိ  WORKSHOP အဆောက်အအုံကို ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအဖြစ် ဇူလိုင် ၃ ရက်တွင် အမျိုးသားဆောင်နှင့်အမျိုးသမီးဆောင် နှစ်ဆောင် ခွဲဖွင့်၍ စတင်ဖွင့်လှစ်ခဲ့ပြီး   လူနာထားရှိနိုင်မှုမှာ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၆၃ ဦး ဖြစ်သည်။ အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း  ကုသရေး စင်တာ စတင်ဖွင့်လှစ်ချိန်မှ စက်တင်ဘာ ၂၇ ရက် ပိတ်သိမ်းချိန်အထိ လူနာအမျိုးသား ၂၀၆ ဦးနှင့် အမျိုးသမီး ၁၅၅ ဦး စုစုပေါင်း ၃၆၁ ဦးတို့ ကျန်းမာ ရေး   စောင့်ရှောက်မှုခံယူခဲ့ကြပြီး   ၎င်းတို့အနက် အမျိုးသားတစ်ဦးမှာ ကုသရေးစင်တာတွင် သေဆုံး ခဲ့သည်။


ထို့ကြောင့် စင်တာပိတ်သိမ်းချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်   သံဃာတော်အရှင်သူ မြတ်များအားပင့်ဖိတ်၍   အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကာ ပရိတ်တရားတော်များနာကြား၍    အမျှ အတမ်းပေးဝေခြင်းများကိုလည်း ယနေ့နံနက်တွင် ပြုလုပ်သည်။ 


ထို့အပြင် စံပြရပ်ကွက်ရှိ  အရန်ကုသရေးစင်တာ အဖြစ် ဆောင်ရွက်ထားရှိသည့် မူလတန်းလွန်ကျောင်း ကုသရေးစင်တာကိုပါ       ယနေ့ပိတ်သိမ်းခဲ့ကြောင်း သိရသည်။                            

နေအောင်(ပြန်ဆက်)