ကျောက်ဖြူ၌ ဓနိကုန်ကြမ်းကို ခေတ်မီနည်းပညာများဖြင့်ပြုလုပ်၍ ကုန်ပစ္စည်း ၁၀ မျိုးကျော် ထုတ်လုပ်ရောင်းချ

 

ကျောက်ဖြူ       ဩဂုတ်  ၂၉ 


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌   မြစ်ချောင်းများတွင် သဘာဝ အလျောက်ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသောကုန်ကြမ်း များကို ခေတ်မီနည်းပညာများ၊ စက်ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ်မှု များပြုလုပ်ကာ   ဓနိနှင့်ဆက်စပ်သော   စားသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေသည့် ၎င်း၏လုပ်ငန်းမှာ အထူးအောင်မြင်လျက် ရှိပြီး   ပြည်ပဈေးကွက်အထိ   ထိုးဖောက်ရောင်းချနိုင်ရန်   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း    MSME   လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်  ဒေါ်ဟေမာစံထံက သိရသည်။


“ကျွန်မက ဒီလုပ်ငန်းတွေကို ၂၀၁၈ ခုနှစ် ကတည်းက စတင်ခဲ့ တယ်။ ပထမတော့ နေပြည်တော်မှာ အခြေပြုခဲ့တာပါ။ နေပြည်တော်  MSME အသင်းဝင် SME အသင်းဝင်တစ်ယောက်အနေနဲ့ မြန်မာပြည်အနှံ့ SME ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံပြသပြီးတော့ ဒီကုန်ထုတ်လုပ်ငန်း တွေကို  လုပ်ကိုင်ခဲ့ပါတယ်။ ဓနိနဲ့ ပတ်သက်ပြီး  ဓနိဝိုင်ရယ်၊  ဓနိဖူး လက်ဖက်ခြောက်အပါအဝင်  ၁၀ မျိုးကျော်ကို  ထုတ်လုပ်နေပါတယ်။ ဆေးဝါးအနေနဲ့  ငါးမျိုးလောက်ကို  ထုတ်လုပ်ဖြန့်ချိနေပါတယ်။  အခု လက်ရှိ  ကျောက်ဖြူမြို့မှာ အခြေပြုထုတ်လုပ်နေတာ  ဖြစ်ပြီးတော့ မြန်မာနိုင်ငံအနှံ့အပြား  တင်ပို့ရောင်းချလျက်ရှိပါတယ်။   ပြည်ပအထိ ဖြန့်ချိသွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။


ယခင်က  ဓနိနှင့်ပတ်သက်၍  မိရိုးဖလာဓနိပေါင်းခံရည် ထုတ်လုပ် သော နည်းပညာတစ်ခုကိုသာ  သိရှိပြီး  လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့်  ကိုရီးယားနှင့် ဂျပန်တွင်  အမျိုးပေါင်း   ၁၀၀ ကျော်ကို ထုတ်လုပ်ကြောင်းသိရှိသဖြင့် ဘိုးဘွားပိုင်ဓနိတန်းရှိသည့် ရခိုင်ပြည်နယ် သို့ သွားရောက်ကာ သုသေသနပြုထုတ်လုပ်ခြင်းဖြစ်ကြောင်း ပြော သည်။


“ကျွန်မတို့က ဓနိနဲ့ပတ်သက်ပြီးတော့ စဉ်ဆက်မပြတ်သုသေသန ပြုလုပ်ပြီး ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဓနိပင် ဓနိတန်းဟာ ဂျင်ဆင်း ဓာတ်ထက် ၄၄ ဆ ပိုစွမ်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဓနိဝိုင်ရယ်၊ ဓနိဖူး လက်ဖက်ခြောက်၊ ယို၊ Vinegar အပါအဝင်  ကုန်ပစ္စည်း ၁၀ မျိုးကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်” ဟု ပြောသည်။ 
ရခိုင်ပြည်နယ် MSME အသင်းအနေဖြင့် နည်းပညာတွေကို စဉ်ဆက် မပြတ်ဖြန့်ဝေပေးနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူတွေကို ဓနိနဲ့ပတ်သက်သောလုပ်ငန်းများနှင့်ပတ်သက်၍   နည်းပညာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


ဓနိပင်မှရရှိသည့် ဓနိဖူးများကို  ခုတ်ယူ၍ သင့်တင့်သောအရွယ် အစားများ လှီးဖြတ်ကာ သဘာဝနေရောင်ခြည်ဖြင့် အခြောက်ခံရရှိလာ သော ဓနိဖူးခြောက်ရည်ကို သောက်သုံးခြင်းဖြင့် ကင်ဆာ၊ ဆီးချို၊ နှလုံး သွေးကြောဆိုင်ရာရောဂါများနှင့် အာရုံကြောဆိုင်ရာရောဂါများအပြင် မျက်စိမှုန်၊ အဆစ်အမျက်‌ ရောဂါ စသော ရောဂါများပျောက်ကင်းစေပြီး မိတ်ကပ်၊ သွားတိုက်ဆေးနှင့်ခေါင်းလျှော်ရည်များအပါအဝင် ထုတ်ကုန် အမျိုးအစားပေါင်း ၁၀၀ ကျော်ထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ 
                             

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ခရိုင် ပြန်/ဆက်)