
နေပြည်တော် ဩဂုတ် ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ စီးပွားရေးဆိုင်ရာသုံးသပ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် စီးပွားရေးကော်မတီသည် နိုင်ငံ၏စီးပွား ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အရေးကြီးသည့်ကော်မတီ တစ်ခုဖြစ်ကြောင်း၊ စီးပွားရေးတွင် ပြည်တွင်းစီးပွား ရေးနှင့် ပြည်ပစီးပွားရေး နှစ်ခုရှိကြောင်း၊ ကိုဗစ် ကာလအတွင်း ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့သည့် အပြင် ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းရပ်များတွင် လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့်ဖြစ် ပေါ်လာသည့်ပြဿနာများကြောင့် ကုန်သွယ်ရေးကိုလည်းထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ ကြောင်း၊ ကိုဗစ်ကာလတွင် မိမိတို့တစ်နိုင်ငံတည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံးစီးပွားရေး ကျဆင်းခဲ့ကြောင်း၊ အလားတူ အခြားနိုင်ငံများတွင်လည်း ဘဏ်လုပ်ငန်း ဆိုင်ရာနှောင့်နှေးမှုများကြောင့် အချိန်မီ ငွေပေးချေနိုင်ခြင်းများမရှိခဲ့ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ၌ ကန့်သတ်ချက်ရှိခြင်း၊ သင်္ဘောလိုင်းများ ငှားမရခြင်းတို့ကြောင့် မိမိတို့နိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုကြောင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်းများ၊ သင်္ဘောများကုန်တင်ရန် ကြန့်ကြာ ခြင်းများ ဖြစ်ခဲ့ကြောင်း။
ယခင် ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုတွင် ကုန်သွယ်မှုလိုငွေများ ရှိခဲ့ကြောင်း၊ အစိုးရတစ်ဆက် လျှင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ခန့်စီရှိပြီး စုစုပေါင်း ၂၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ကြောင်း၊ ၎င်းလိုငွေများကို ထောက်ပံ့ကူညီမှုနှင့် ချေးငွေရယူမှုတို့ဖြင့်သာ ကျားကန်ရပ်တည်ခဲ့ကြောင်း၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်ပြီး ပို့ကုန်များကျဆင်းခဲ့ကြောင်း၊ ဝိုင်းဝန်း ပိတ်ဆို့မှု ဖျက်လိုဖျက်ဆီးလုပ်မှုများအကြားမှ နိုင်ငံ့ စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း၊ ၂၀၁၉ - ၂၀၂၀ ခုနှစ်တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ GDP ၉ ရာခိုင်နှုန်းအထက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း ၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူ ပိုင်အဆောက်အဦများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့သည်များလည်း တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးရမည့်ငွေများကို ပြန်လည် ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရ သဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက် မရ ခဲ့သည်ကို ပြည်သူများအားလုံးသိရှိရန် လိုကြောင်း။
စီးပွားရေးပြန်လည်တိုးတက်အောင် လုပ်ဆောင်ခဲ့မှု
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကိုဗစ်ကာလ အတွင်း ထိခိုက်မှုများရှိခဲ့သော်လည်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ အတတ်နိုင်ဆုံး အထိခိုက်မခံဘဲ ဆောင်ရွက်စေသကဲ့သို့ အများစုအလုပ်လုပ်ကိုင်ကြ ရသည့် CMP လုပ်ငန်းများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး စီးပွား ရေးတိုးတက်မှုရှိအောင်ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်း မြှင့်တင် ရန်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်ရန်အတွက် တစ်ဖက်မှလည်း လျှပ်စစ် ဓာတ်အားလိုအပ်ချက်များရှိကြောင်း၊ လျှပ်စစ်နှင့် ပတ်သက်၍ ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းကြီးများ နှောင့်ယှက်မှုများရှိသဖြင့် ရပ်ဆိုင်းခဲ့ရ သည့်အကျိုးဆက်ပင်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ် သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးခန့် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများပြားလျက်ရှိကြောင်း၊ ခေတ် အဆက်ဆက်တွင် ပြည်တွင်းစားသုံးဆီလုံလောက်မှု ရှိအောင် ဆောင်ရွက်နိုင်သော်လည်း ထိရောက်စွာ ဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စားသုံးဆီထုတ်လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေး ၍ ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ် တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည့် Exporter အဆင့် သို့ ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း။
မိမိတို့ရသင့်ရထိုက်သည့် နိုင်ငံခြားငွေများကို မရရှိအောင် နည်းအမျိုးမျိုးဖြင့် တားဆီးထားပြီး စီးပွားရေးအကျပ်အတည်းဖြစ်အောင် ဆောင်ရွက်ခဲ့မှု များရှိသဖြင့် ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိစေရေး နိုင်ငံနှင့် ပြည်သူလူထုအတွက် အရေးကြီးသည့်ကုန်စည် တင်သွင်းခြင်းနှင့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါအခြေအနေအပေါ် တွင် သတင်းမှားများဖန်တီးခဲ့ပြီး ကုန်ဈေးနှုန်းများကို ဆွဲတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးအတွက်လိုအပ်သော စက်သုံးဆီနှင့် မြေဩဇာများ လုံလောက်စွာရရှိရေးနှင့် အချိန်မီရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ဈေးနှုန်းကြီးမြင့်မှုများရှိနေခြင်းသည် ဥပမာ တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေ အနေများနှင့် ပတ်သက်ပြီး မိမိတို့စီးပွားရေးကော်မတီ အနေဖြင့် ခြုံငုံနားလည်ထားရန်လိုကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ၏
အခြေအနေအရပ်ရပ်ကို သုံးသပ်ဆောင်ရွက်
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ Quick Win ဖြစ်မည့်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမား များ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။
ငွေကြေးဈေးကွက်ကို အဓိက ကစားနေကြသူ များမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနှင့် ရွှေကိုင် ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေ တန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေ ကိုင်ထားသူများ က ရွှေဝယ်၍ ရွှေဈေးတက်အောင်ဆောင်ရွက်နေကြ သည်ကိုတွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ် များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့်ဈေးထက် များပြားနေသည်ကိုတွေ့ရကြောင်း၊ ငွေကိုင်ထားသူ များအနေဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုကို တိုက်ရိုက် အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ် ပြီး အမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများနှင့်ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေ ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ်ဆောင်ရွက်ရန်လိုကြောင်း။
တရားမဝင်ငွေလွှဲလုပ်ငန်း (ဟွန်ဒီ) များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊ တရား မဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ် အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ ငွေးကြေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်လို ကြောင်း။
မိမိတို့ တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင် တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ်ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေးပြိုလဲ သွားနိုင်သဖြင့် မိမိကိုယ်တိုင်တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့်ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများဆောင်ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များ ပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရ အောင် ATM စက်များ အလုပ်မလုပ်နိုင်စေရန် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ဆောင်ရွက် မှုမှာ ၎င်းကာလကတည်းက သံသယရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့ သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာလုပ်ကိုင် ဆောင်ရွက်မှုမရှိသည်ကို တွေ့နေရကြောင်း၊ ဘဏ် များ၏ လုပ်ဆောင်ချက်များကို စနစ်တကျစောင့်ကြည့် သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလားတူ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် ထိရောက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုအားနည်းချက် များကြောင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ရပ်တန့် ထားခဲ့ရကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သွင်းကုန် များနှင့်ပတ်သက်၍ လိုအပ်သည့်ကုန်ကြမ်းများကိုနိုင်ငံအတွင်း၌ ထုတ်လုပ်၍ရကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထုတ်ကုန်များထုတ်လုပ်နိုင် ကြောင်း၊ မိမိတို့နိုင်ငံတွင် အကျိုးအမြတ်အလွယ် တကူဖြင့် မြိုးမြိုးမြက်မြက်ရရှိနိုင်သည့် လုပ်ငန်းများ ကိုသာ အဓိကဆောင်ရွက်လိုကြကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ နည်းပါးခြင်း ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု နည်းပါးသဖြင့် ပြည်ပမှ သွင်းကုန်များ နှစ်စဉ်တင်သွင်းနေရကြောင်း။
မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုး ပြပြီး ထိရောက်စွာဆောင်ရွက်နိုင်မှု မရှိခဲ့သဖြင့် တိုးတက်မှုများ နည်းပါးခဲ့ကြောင်း၊ အထူးစီးပွားရေး ဇုန်များဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွား ရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီး ချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက် ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်နေမှုများကို အားပေးချီးမြှင့်
စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးသည့် ဝိသမ လောဘသမားများရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွား ရေးလုပ်ငန်းရှင်များလည်း ရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှု (Incentive) များ လုပ်ဆောင်ပေးရန်လိုကြောင်း၊ ယခင်က ပြည်ပ ပို့ကုန်တင်ပို့နေမှုများ၌ ပို့ကုန်ရငွေကို ၁၀၀ ရာခိုင် နှုန်း အပ်နှံစေခဲ့ကြောင်း၊ နောက်ပိုင်း၌ ၆၅ ရာခိုင်နှုန်း ဖြေလျှော့ပေးခဲ့ကြောင်း၊ ယခုလက်ရှိကာလတွင် ၅၀ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ကြောင်း၊ ယခင် ၁၀၀ ရာခိုင်နှုန်းအပ်နှံစေခဲ့စဉ်က စောဒကမရှိသလောက် ဖြစ်သော်လည်း ၆၅ ရာခိုင်နှုန်းတွင် စောဒကများရှိလာ ပြီး ယခု ၅၀ ရာခိုင်နှုန်း၌ ပိုမိုများပြားလာကြောင်း၊ ယင်းအတွက်လည်း ရှင်းလင်းပြပြီးဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက်ကိုင်တွယ်မှုကို လျှော့နိုင်သမျှလျှော့ရမည် ဖြစ်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွား ရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေး ပျက်ယွင်းအောင်ဆောင်ရွက်နေမှုများကြောင့် အစိုးရ အနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရ ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော် ကို ပြည်ပဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေမှုမျာအပေါ် အကောင်းဆုံးဖြစ်အောင် စဉ်းစား၍ အားပေးချီးမြှင့်မှု (Incentive) များ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စီးပွားရေးစဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး
တိုးတက်မှုအတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဇုန်များ စစ်ဆေးဆောင်ရွက်
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ် သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်များ၊ စက်မှုဇုန် ကိုသတ်မှတ်၍ မြေနေရာများ ချပေးထားကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာချထားပေးသည့်မြေနေရာများကိုလည်း အမှန် တကယ်အသုံးပြုရန်လိုကြောင်း၊ အချို့မွေးမြူရေးဇုန် များ၌ လုပ်ငန်းများဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ စိစစ်ကြပ်မတ်မှုများ အားနည်းခြင်းကြောင့် စက်မှုဇုန်များ၌လည်း စက်မှု လုပ်ငန်းများနှင့်မသက်ဆိုင်သည့် လူနေအိမ်များ တည်ဆောက်ထားရှိမှုများကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုမွေးမြူရေးဇုန်များ၊ စက်မှုဇုန်များ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လို ကြောင်း၊ မြေနေရာယူထားပြီး မလုပ်ကိုင်မှုများရှိပါက အမှန်တကယ်လုပ်ကိုင်လိုသူများကို ပြန်လည်ချထား ပေးရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အထောက် အကူပြုသည့် စက်ယန္တရားများ၊ လယ်ယာသုံးစက် ပစ္စည်းကိရိယာများ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများအတွက် တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်အကျိုးပြုစေမည့်လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း။
ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေး
မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက်လည်း သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသထွက် စားသောက်ကုန်များ သန့်ရှင်းကောင်းမွန်မှုများရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း နှင့်ပတ်သက်၍ တည်းခိုရေးနှင့်သက်ဆိုင်သည့် ဟိုတယ်များနှင့် တည်းခိုခန်းများ၊ စားသောက်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ အဆင့်အတန်းရှိရှိဖြစ်စေ ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ကုန်ထုတ် လုပ်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများ လည်းပါဝင်ကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းများ တွင် ဘဏ်စနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အားလုံးမှ အမြင်ကျယ်ကျယ်ဖြင့် ရှုမြင် သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြား သည်။
ထို့နောက် စီးပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်ကိစ္စရပ် များ၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား လိုင်းများသွယ်တန်းရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များ၊ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်မှု အခြေအနေများ၊ လမ်းများ အဆင့်မြှင့်တင်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အထွေထွေဆွေးနွေးကြရာ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိုင်ငံ၏ GDP တိုးတက်မှုအခြေအနေများကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလုပ်ငန်းရှင်များအား ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်းခွင့်ပြုပေးမှု၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များကို အားပေး ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီအုန်းသီးနှံစိုက်ပျိုးရေး နှင့် ထုတ်လုပ်နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသေး စား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ တိုးတက် စေရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ ကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှု အခြေအနေများကို လည်းကောင်း၊ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ကုန်များကို ပြသဆောင်ရွက်နိုင်ခဲ့မှု၊ တရားမဝင် ကုန်သွယ်မှုများမရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိမှုနှင့် တရားမဝင်ကုန်သွယ်မှုဆောင်ရွက်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ မှုအခြေအနေများကို လည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များနှင့်ကုမ္ပဏီများမှ သဘောတူစာချုပ် များ လက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ ဆောင်ရွက် သင့်သည်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဆီအုန်းသီးနှံများစိုက်ပျိုးရာတွင် စနစ်တကျဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်လို ကြောင်း၊ ဆီကြမ်းမှ ဆီချောထုတ်ပေးသည့်စက်များ အမြန်ဆုံးတည်ဆောက်နိုင်ရေးနှင့် လုပ်ငန်းများ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန်လို ကြောင်း၊ ဆီကြမ်းစက်ရုံများနှင့် ဆီချောစက်ရုံများ ကို ဆီထုတ်လုပ်ရန်အတွက် အဓိကကျသည့်နေရာ များတွင် တည်ဆောက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်လုပ်ဆောင်ရန်လိုကြောင်း၊ တရား မဝင်ကုန်သွယ်မှုဆောင်ရွက်သူများကိုလည်း ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန်လို ကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းဖြင့်သုံးစွဲ ရာတွင် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်ရန် လိုကြောင်း ဖြည့်စွက်မှာကြားပြီး လုပ်ငန်းများစနစ် တကျဖြစ်စေရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အဓိကအားဖြင့် နိုင်ငံ၏စီးပွားရေး မြှင့်တင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန်အတွက် စီးပွားရေးဇုန်များဖြင့် ဆောင်ရွက်ခြင်း သည် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးဇုန်များ တိုးတက်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ လက်ရှိအခြေအနေများအရ မိမိတို့နိုင်ငံ အနေဖြင့် ကုန်သွယ်မှုများဆောင်ရွက်ရာတွင် Border Trade နှင့် Normal Trade နှစ်ခုလုံးကို မျှတအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဈေးကွက်နှင့်ပတ်သက် ၍လည်း တစ်ခုတည်းကို မှီခိုခြင်းထက် အခြား ဈေးကွက်များရရှိရေးအတွက်လည်း ဆောင်ရွက်ထား ရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများအနေဖြင့် ကြိုတင်မျှော်တွေးဆောင်ရွက်ထားရန်လိုကြောင်း။
ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေးသည်လည်း အရေးကြီးကြောင်း၊ လမ်းခရီးတစ်လျှောက် မလိုလား အပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေး အတွက်လည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်မှုများဆောင်ရွက်ရာတွင်လည်း လမ်းကြောင်း တစ်ခုတည်းကို အဓိကထား အသုံးပြုခြင်းထက် အခြားလမ်းကြောင်းများကိုလည်း စဉ်းစားဆောင်ရွက် ထားရန်လိုကြောင်း၊ ကံပိုင်တည်၊ မူဆယ်၊ ချင်းရွှေ ဟော်၊ တာချီလိတ်၊ မြဝတီနယ်စပ်ကုန်ကုန်သွယ်မှုစခန်းများကို အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်ပစ္စည်း များ မြန်မြန်ဆန်ဆန်တင်ပို့နိုင်ရေး မိမိတို့ ပို့ဆောင် မည့်ပစ္စည်းများကို မိမိတို့နိုင်ငံအတွင်း၌ ကြိုတင် စစ်ဆေးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ နယ်စပ်ဒေသကုန်သွယ်ရေးအတွက် ကားလမ်းကို အသုံးပြုလျက်ရှိသကဲ့သို့ မီးရထားလမ်းများ ဖောက်လုပ် နိုင်ရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မူဆယ် - မန္တလေး ရထားလမ်းဖောက်လုပ်ရန် သုံးသပ်ဆောင်ရွက်နေပြီး ချင်းရွှေဟော်-လားရှိုး ရထားလမ်းလည်း ဖောက်လုပ် သင့်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကိုလည်း အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှု များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံဆက်သွယ်မှုကို အထောက် အကူပြုသည့် တမူးလမ်း ပြန်လည်ဆောင်ရွက်နိုင် ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း။
ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုကို မထိခိုက်စေရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိရန်လိုကြောင်း၊ စပါး စိုက်ပျိုးသည့် လယ်မြေဧက ၁၃ သန်းကျော်တွင် သီးထပ်များစိုက်ပျိုးနိုင်ရန် Incentive ပေး၍ ဆောင်ရွက်ရန်လိုကြောင်း၊ စပါးအပါအဝင် အခြား သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိ အောင် စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေး အတွက် လိုအပ်သည့်သွင်းအားစုများ စနစ်တကျ ထည့်သွင်းနိုင်ရန်အတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံများ အထွက်နှုန်းကောင်းမွန် လာပါက ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ် ပြီး ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံမှထွက်ရှိသည့် ကော်ဖီနှင့်ပြောင်း သီးနှံများသည် ပြည်ပဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အလေး ထားဆောင်ရွက်ပေးရန်လိုကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့်အစည်းအဝေးတွင် ဆွေးနွေးမှုများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် များစွာအကျိုးရှိ ကြောင်း၊ လက်တွေ့အောင်မြင်အောင် ဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်