ကျောက်မောင်နှမကမ်းခြေလုံခြုံရေးနှင့်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေ

 

ရွှေသောင်ယံ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ကျောက်မောင်နှမကမ်းခြေ လုံခြုံရေးနှင့်  သန့်ရှင်းသာယာ လှပရေးတို့အတွက်     ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ  ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်မောင်နှမကမ်းခြေ(Public Area)အတွင်း   ကျူးကျော် ဈေးဆိုင်ခန်းများ  ဆောက်လုပ်ခွင့်မပြုရန်     ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ဈေးဆိုင်သမားများအား   ဆိုင်ခန်းနေရာသတ်မှတ်ပေးခြင်း၊  အုန်းငုတ်၊  ဘောငုပ်သမားများကို စည်းကမ်းတကျ    ငှားရမ်းရောင်းချစေခြင်း၊    လေးဘီးဆိုင်ကယ်များ၊ မြင်းသမားများကိုလည်း   စနစ်တကျ    ငှားရမ်းဆောင်ရွက်ရန် ယနေ့ နံနက် ၁၀ နာရီက  ရွှေသောင်ယံမြို့ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က      ပြောကြားခြင်းဖြင့်    သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ညအိပ်နေထိုင်ဈေးရောင်းချသူများကို လူအဝင်အထွက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ခြင်း၊   ရွှေသောင်ယံနယ်မြေရဲစခန်းမှ မကြာခဏ    လှည့်ကင်းများဆောင်ရွက်ပေးခြင်း၊ ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှလည်း လိုအပ်သလို လှည့်လည်စစ်ဆေးခြင်းတို့ဖြင့် ကမ်းခြေသို့ လာရောက်အပန်းဖြေလည်ပတ်ကြသော ဧည့်သည်များ လုံခြုံပြီး စိတ်အေးချမ်းသာမှုရရှိစေရန်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)