
ကျောက်ဆည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ၌ ယခုနှစ်တွင် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးမှု တိုးချဲ့၍ မိုးကြိုရာသီတွင် ဧက ၂၅၀ ၊ မိုးရာသီ တွင် ဧက ၃၄၅၀ ၊ မိုးနှောင်းရာသီတွင် ဧက ၁၀၁၅၀ စုစုပေါင်းဧက ၁၃၈၅၀ စိုက်ပျိုးရန် လျာထားခဲ့ရာ မိုးချည်မျှင်ရှည်ဝါ ၂၉၉၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မိုးချည်မျှင်ရှည်ဝါများကို အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော် ကြီး ကျေးရွာအုပ်စုများ၌ ၅၇၅ ဧက၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း ကျေးရွာအုပ်စု များ၌ ၈၂၂ ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများ ၌ ဧက ၅၁၀၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများ၌ ၉၀၃ ဧက စိုက်ပျိုး ပြီးစီးခြင်းဖြစ်သည်။
ကျောက်ဆည်မြို့နယ်အတွင်း ဝါသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများကို အဓိကစိုက်ပျိုးကြပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကလည်း တောင်သူများ နှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုး ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)