
နေပြည်တော် မေ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ စာတမ်း ဖတ်ပွဲ သဘာပတိဆရာတော်ကြီး များ၊ စာတမ်းရှင် ဆရာတော်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမော တဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်သည်။
အခမ်းအနားတွင် သဘာပတိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရက အဖွင့် ဩဝါဒကထာ မိန့်ကြားချီးမြှင့် တော်မူသည်။
ထို့နောက် သီတဂူအပြည် ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုသလ က “ဒီပင်္ကရာ ဘုရားရှင်လက်ထက် သုမေဓာ ရှင်ရသေ့ဘဝတွင် ဗုဒ္ဓ မြတ်စွာ ဘုရားအလောင်းတော် ဗျာဒိတ်ခံယူတော်မူခြင်း” စာတမ်း နှင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး)မှ ဌာနမှူး ဆရာတော်၊ မဟာဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရ က “သိဒ္ဓတ္ထမင်းသား ဖွားတော်မူ ခိုက် စကြာဝဠာတစ်ဝိုက် ထူးခြား မှုကြီးများကို လေ့လာခြင်း” စာတမ်းတို့ကို ဖတ်ကြားတော် မူကြသည်။
ယင်းနောက် စာတမ်းဖတ်ပွဲ သို့ တက်ရောက်လာကြသူများ က စာတမ်းများနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းလျှောက် ထားကြရာ စာတမ်းရှင်ဆရာတော် များက ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရက စာတမ်းများနှင့် စပ်လျဉ်း၍ ဩဝါဒကထာ မိန့်ကြားချီးမြှင့် တော်မူသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒမုခ က “သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားအဖြစ် သို့ ပွင့်ထွန်းပေါ်ပေါက်တော် မူခြင်း” စာတမ်းနှင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခ/ဌာနမှူး ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တထေရိန္ဒ က “ဗုဒ္ဓ မြတ်စွာ ပရိနိဗ္ဗာန် စံလွန်တော် မူခြင်း” စာတမ်းတို့ကို ဖတ်ကြား တော်မူကြသည်။
ယင်းနောက် စာတမ်းဖတ်ပွဲ သို့ တက်ရောက်လာကြသူများက စာတမ်းများနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းလျှောက် ထားကြရာ စာတမ်းရှင်ဆရာတော် များက ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သဘာပတိဆရာတော်ကြီးများနှင့် စာတမ်းရှင် ဆရာတော်များ အား စာတမ်းဖတ်ပွဲအခမ်း အနား ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သဘာပတိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ် ဩဝါဒ ကထာ မိန့်ကြားချီးမြှင့်တော်မူပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်