
ပဲခူး မေ ၃
ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား သံဃာအပါး ၁၀၀၀ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ မေ ၃ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ သံဃာတော်အပါး ၁၀၀၀ တို့က ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ က ရွှေမော်ဓောစေတီတော်ရင်ပြင်ပေါ်ရှိ ဓမ္မာရုံ အသီးသီးတို့တွင် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား အရုဏ်ဆွမ်းဆက်ကပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းနှင့် ဇနီး၊ စေတနာရှင်အလှူရှင်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ပေါ်တွင် သံဃာတော် ၁၀၀၀နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီ တော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများ၊ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများ ဝေငှခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့လှူဒါန်းမှုအနေဖြင့် ငွေကျပ် သိန်း ၂၀၀၀ ကျော် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရ သည်။
တင်စိုး(ပဲခူး)