ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာ၌ ကျောင်းများပြန်လည်ဖွင့်လှစ်ပေးရန် ကျောင်းသားမိဘများက ဆန္ဒဖော်ထုတ်

 

နေပြည်တော်  နိုဝင်ဘာ  ၁၂


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊   ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ ရာခိုင်နှုန်းများကို   သုံးသပ်ဆန်းစစ်၍   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၄၆ မြို့နယ်မှအပ ကျန်မြို့နယ်အားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ  (ပုဂ္ဂလိကကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ) အပါအဝင်   ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁ ရက်မှစ၍ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 


ထိုသို့ကျောင်းများဖွင့်လှစ်ချိန်တွင်   ကြာအင်း ဆိပ်ကြီးမြို့နယ်  ကျုံခဝန်ကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်းခွဲ(ကျုံခဝန်)နှင့်    အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့မှာ    နယ်မြေ အခြေအနေအရ  ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့်  ကျောင်းသားမိဘများက သက်ဆိုင်ရာသို့ တရားဥပဒေနှင့်အညီ      တင်ပြခွင့်ပြုချက်ရယူပြီး ပညာသင်ကြားမှုကို    နှောင့်ယှက်တားဆီးပိတ်ပင် နေသည့် အဖွဲ့အစည်းများအား    နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါကျေးရွာမှ    ကျောင်းသားမိဘများက “ကလေးများ စာသင်ကျောင်း ဖွင့်ပေးပါ၊ ကလေးများ လွတ်လပ်စွာစာသင်ခွင့်ပေးပါ၊ ကလေးများ စိတ်အေး ချမ်းသာစွာ စာသင်ခွင့်ပေးပါ၊ စာသင်ကျောင်းပိတ်သူ များအား ရှုတ်ချသည်၊   ကလေးသူငယ် အခွင့်အရေး ပိတ်ပင်သူများအား ရှုတ်ချသည်’’ ဟူသည့် စာသား များပါရှိသည့်    ဆိုင်းဘုတ်များကို   ကိုင်ဆောင်၍ အော်ဟစ်ကြွေးကြော်ကာ          ကျေးရွာအတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 


အခြေခံပညာအထက်တန်းကျောင်းခွဲ (ကျုံခဝန်)တွင် ကျောင်းသား ကျောင်းသူ ၅၄၆ ဦးနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၆ ဦးရှိပြီး အဆိုပါကျောင်းများသည် ဇူလိုင် ၇ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိ သည်။

သတင်းစဉ်