
ပုသိမ် မတ် ၈
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်း ဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာန ဆိုင်ရာများနှင့် တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာအမျိုးသမီး စွမ်းဆောင် ရှင်များအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရာ၌ နှစ်စဉ်ဆောင်ပုဒ်တစ်ခု သတ်မှတ် ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ကျား၊မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” ဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှု ဖြစ်ပေါ်စေရေး အတွက် အမျိုးသမီးများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ပေါင်းသင်းဆက်ဆံရေးများ၌ အပြည့်အဝပါဝင်ခွင့် ရရှိဖို့ နည်းပညာဆန်းသစ်တီထွင်မှုများကို လက်လှမ်း မီရရှိဖို့ လိုအပ်ပြီး အမျိုးသမီး သက်ကြီး၊ သက်လတ်၊ သက်ငယ် အားလုံးမည်သူမျှ နောက်ချန်မကျန်ရစ် ခဲ့ရန် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျား၊မ တန်းတူညီမျှမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုကြောင်း၊ မြန်မာနိုင်ငံ၌ အမျိုးသမီး အခန်းကဏ္ဍကို အလေးထားလုပ်ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထား ကြောင်း၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေး ခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအား များ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း အမှာ စကားပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အသိပညာပေး Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမျိုးသမီးများ၏ လက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)