ဇမ္ဗူသီရိ ဇွန် ၁၉
နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ရုံးက ကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြော ပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူလေ့ကျင့်မှုကို ဇွန် ၁၇ ရက်က ဇမ္ဗူသီရိမြို့နယ် သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နေပြည်တော်ကောင်စီနယ်မြေသည် စစ်ကိုင်းပြတ်ရွေ့ကြောကြီးပေါ်၌ တည်ရှိနေ၍ မည်သည့်အချိန်/နေရာတွင် ငလျင်လှုပ်မည်ကို ကြိုတင် ခန့်မှန်းမရသည့်အတွက် အခြားဘေးများထက် ငလျင်ဘေးအန္တရာယ်က ပိုမိုအလေးထား စီမံဆောင်ရွက်ရမည့် ဘေးအန္တရာယ်တစ်ခုဖြစ် ကြောင်း၊ ငလျင်ဘေးအန္တရာယ်ကို ပြည်သူအားလုံး အသိ၊ သတိနှင့် ကြိုတင် ကာကွယ်ရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထိရောက်ဆုံးနည်းလမ်းကောင်းများ ဖြင့် ပြည်သူအားလုံးဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မား စေရေးအတွက် ယခုလို သဏ္ဌာန်တူလေ့ကျင့်မှုများကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော် တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ငလျင်လေ့ကျင့်မှုပြုလုပ်သည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုလည်းကောင်း သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူများအား ရှင်းလင်းဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ငလျင်သရုပ်ပြလေ့ကျင့်မှုကို ပြုလုပ်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ပရဟိတအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)



