
သစ္စာ ( MNA )
အင်းတော်ကြီးအိုင်နှင့် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ကချင်ပြည်နယ် မိုးညှင်း ခရိုင် မိုးညှင်းမြို့နယ်အတွင်းတည်ရှိပြီး ကမ္ဘာတွင် တတိယအကြီးဆုံးဖြစ်သော ကုန်းတွင်းရေတိမ် ဒေသအဖြစ် အရှေ့တောင်အာရှတွင် သတ်မှတ် ခြင်းခံထားရသည့် ဇီဝအဝန်းနယ်မြေလည်းဖြစ် သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုကန်ကြီးဖြစ် သည့် အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာ များ၊ ရေဝေရေလဲတောများကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၌ ဆောင်းခိုငှက်များ ဝင်ရောက် ရာ အရှေ့အာရှ ဩစတြေးလျငှက် ပျံသန်းရာ လမ်းကြောင်း ( EAAF-118)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရမ်ဆာ ရေဝပ်ဒေသ(Site No.2256)အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက်၌ ဇီဝ အဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်၌ Wetland Link International-WLI(Asia)အဖြစ်လည်းကောင်း သတ်မှတ်ခြင်းခံခဲ့ ရသည်။
အင်းတော်ကြီးအိုင်သည် ၃၁၃ ဒသမ ၅၀၈ စတုရန်းမိုင်ကျယ်ဝန်းပြီး ဧကအားဖြင့် ၂၀၀၆၄၅ ဒသမ ၄ ဧက ကျယ်ဝန်းသည်။ အင်းတော်ကြီးကန်၏ ဆက်စပ်ရေဝပ်ဒေသများနှင့် ဇီဝမျိုးစုံမျိုးကွဲတို့၏ ဂေဟစနစ်များ ရေရှည်တည်တံ့စေရေး ထိန်းသိမ်း ရန်၊ အင်းတော်ကြီးကန်၏ ရေဝေရေလဲဒေသများ ယင်းတို့အတွင်း ရှင်သန်ကျက်စားသော ဇီဝမျိုးစုံ မျိုးကွဲများနှင့် သစ်တောဂေဟစနစ်များကို ထိန်း သိမ်းရန်၊ သစ်တောနှင့်ရေဝပ်ဒေသများ ထိန်းသိမ်း ခြင်းနှင့် ရေရှည်အသုံးချရန်၊ ပြန်လည်တည်ထောင် ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုကို လျော့ပါးစေရန် စသည့်ရည်ရွယ်ချက် များဖြင့် သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနဖြစ်သော အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာဦးစပါးရိုင်း သုံးမျိုးတွင်ပါဝင်သည့် သဘာဝအလျောက်ပေါက်ပွားသော သလေးစပါး သည် အင်းတော်ကြီးအိုင်တွင် ဧကများစွာ ရာသီ လိုက်ရှင်သန်လျက်ရှိရာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ဆောင်းခိုငှက်တို့နားခိုပေါက်ပွားရာ နေရာတစ်ခု အဖြစ် စပါးခင်းများကလည်း အထောက်အပံ့ဖြစ်စေ လျက်ရှိသည်။ မြစ်သွယ်ပေါင်း ၁၂ ခုမှ ရေတို့ သည် အင်းတော်ကြီးအိုင်အတွင်းသို့ စီးဝင်ပြီး အင်းတော်ကြီးအိုင်နှင့် တစ်ဆက်တည်းရှိသည့် အင်းတော်ကြီးချောင်း (ကောက်ကွေ့ချောင်း)မှ တစ်ဆင့် မိုးကောင်းမြို့အနီးရှိ မိုးကောင်းချောင်းနှင့် ချိတ်ဆက်၍ ဆင်ဘိုရွာအနီး ဧရာဝတီပထမမြစ် ကျဉ်းအတွင်းသို့ စီးဝင်လျက်ရှိသည်။ ငါးများသား ဥပေါက်ချိန်၌ ဧရာဝတီမြစ်နှင့် ချောင်းအတွင်းမှ ငါးများသည် ရေကိုဆန်တက်၍ အင်းတော်ကြီး ချောင်း၊ မိုးကောင်းချောင်းနှင့် အင်းတော်ကြီးကန် အတွင်းသို့ ဥချသားပေါက်လေ့ရှိသည်။
အင်းတော်ကြီးကန်ဘေးမဲ့တောသို့ ခရီးသွား ရာသီရောက်လျှင် နိုင်ငံခြားခရီးသွားများ ဝင်ရောက် လေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ဒေသခံတို့၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပွင့်လန်းစေခဲ့ သည်။ အင်းတော်ကြီးအိုင်သည် ယူနက်စကို အသိ အမှတ်ပြု နိုင်ငံပေါင်း ၆၆၅ နိုင်ငံတွင် ပါဝင်ပြီး ဂျာမနီနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများတည်ရှိ မှုသည် မိုးညှင်းဒေသ၏ ခရီးသွားလုပ်ငန်းအရှိန် အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေလျက်ရှိသည်။ ပြည်ပခရီးသွားအများစုတွင် ဂျာမနီနိုင်ငံမှ အင်းတော်ကြီးအိုင်သို့ အများဆုံး လာရောက် လည်ပတ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ရှိသော သဘာဝအရင်းအမြစ်များသည် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ရာသီချိန်ခါမရွေး လက်ကမ်း ကြိုဆိုလျက်ရှိသည်။
သဘာဝအလှတို့ဖုံးလွှမ်းနေသော အင်းတော် ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက် သတ္တဝါ ၄၇ မျိုး၊ ငှက်မျိုးစိတ် ၅၀၁ မျိုး၊ ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၉၁ မျိုး၊ ငါးမျိုးစိတ် ၉၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၅၀ တို့ ရှင်သန်ကျက်စား လျက်ရှိပြီး သစ်မျိုးစိတ်၄၈ မျိုး၊ ဆေးဘက်ဝင် အပင် ပေါင်း ၁၁၈ မျိုး၊ သစ်ခွမျိုးစိတ် ၇၅ မျိုး၊ ဝါးမျိုး ခုနစ် မျိုး၊ ကြိမ် ငါးမျိုး၊ မြက် ၁၄ မျိုးနှင့် ရေနေပင် ၁၅၇ မျိုးတို့ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။
ဆောင်းခိုငှက်များ နှစ်စဉ်ဝင်ရောက်ကျက်စား သည့်အတွက် အင်းတော်ကြီးအိုင်၏ အလှကိုပိုမို တင့်တယ်စေလျက်ရှိသည်။ ငါးမျိုးစိတ်နှင့် ငှက်မျိုး စိတ်များပျံ့နှံ့ကျက်စားမှု၊ ရာသီဥတုပြောင်းလဲခြင်း ၏ ရေဝပ်ဒေသဂေဟစနစ်အပေါ် သက်ရောက်မှု၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ယင်းတို့၏ ဂေဟ ဗေဒ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၏ အလား အလာနှင့် တရားမဝင်သယံဇာတထုတ်ယူမှုမှ သဘာဝနယ်မြေအပေါ် အကျိုးသက်ရောက်မှု၊ ဒေသခံတို့၏ သဘာဝသယံဇာတများအပေါ် မှီခိုမှုများလာခြင်းနှင့် ဂေဟစနစ်ဝန်ဆောင်မှုတို့ ဆက်စပ်ခြင်းတို့သည် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် အခွင့်အလမ်းများစွာ ရရှိလျက်ရှိ သည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် အင်းတော်ကြီးအိုင်တွင် ရေပျော်ငှက်၊ ဆောင်းခိုငှက် နှင့် ဌာနေငှက်မျိုးစိတ်တို့ကို လေ့လာကြည့်ရှုနိုင် ပြီး လှေ၊ ကယက်အပျော်စီးခြင်း၊ တောတွင်းခရီး ကြမ်းသွားလာနိုင်ခြင်း၊ ကမ္ဘာ့ရှားပါးဆောင်းခိုငှက် များနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များကို လေ့လာ နိုင်ခြင်း၊ ရွှေတောင်နှင့် ငွေတောင်တို့တွင် တောင်တက်ခရီးစဉ်အဖြစ် တက်ရောက်နိုင်ခြင်း၊ ဒေသခံတို့၏ရိုးရာငါးဖမ်းနည်းကို လေ့လာနိုင်သည့် အပြင် အင်းတော်ကြီးအိုင် ရွှေမဉ္စူရေလယ်ဘုရား နှင့် ဒေသခံတို့၏ရိုးရာဓလေ့ကို ကြည့်ရှုလေ့လာ အပန်းဖြေနိုင်မည်ဖြစ်သည်။ အင်းတော်ကြီးအိုင်၏ ဇီဝအဝန်းနယ်မြေအတွင်း၌ ကျေးရွာပေါင်း ၃၇ ရွာ တည်ရှိသောကြောင့် ဌာနေရှမ်းနီတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကိုလည်း အနီးကပ် လေ့လာနိုင် မည်ဖြစ်သည်။ အင်းတော်ကြီးကို ရှမ်းဘာသာဖြင့် လောင်းလုံစည်ခမ်း(သို့မဟုတ်) လင်လုံဟုခေါ်ဆို လေ့ရှိသည်။ စည်ခမ်းအင်းကြီးဟု အဓိပ္ပာယ်ရပြီး စည်ခမ်းသည် အင်းတော်ကြီးမတည်ရှိမီက ထိုဒေသ တွင်ရှိခဲ့သောမြို့ဖြစ်ကြောင့် မှတ်ယူကြသည်။
သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်း သည် နိုင်ငံတော်အတွက်သာမက ဒေသခံပြည်သူ တို့၏လူမှုစီးပွားကိုလည်း အထောက်အပံ့ဖြစ်စေ လျက်ရှိရာ ဒေသခံတို့အနေဖြင့် အသေးစား သစ် တောထွက်ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်များ၊ ငါးသယံဇာတများနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းများမှတစ်ဆင့် ဒေသခံတို့ဝင်ငွေတိုးစေမည့် အခွင့်အလမ်းများကို ရရှိစေလျက်ရှိသည်။ အင်းတော်ကြီးအိုင်ဘေးမဲ့တောသို့ လာရောက် လည်ပတ်ကြမည့် ခရီးသွားများအနေဖြင့် ရန်ကုန် မြို့၊ မန္တလေးမြို့တို့မှ လေယာဉ်ဖြင့် အချိန်တိုအတွင်း သွားရောက်လည်ပတ်နိုင်ပြီး ရန်ကုန်မြို့မှမြစ်ကြီး နားသို့ လေယာဉ်ဖြင့်လည်း သွားရောက်နိုင်သည်။ မြစ်ကြီးနားမှ ဟိုပင်သို့ မိုင် ၈၀ ခရီးတွင် ကားဖြင့် လည်းကောင်း၊ မိုင် ၇၀၀ ခရီးရှိသော ရန်ကုန်-မန္တလေး-မိုးညှင်း ခရီးစဉ်တွင် ကား၊ ရထားဖြင့် လည်းကောင်း၊ မိုးညှင်းမှ ဟိုပင်သို့ ၂၁ မိုင်ခရီးအား ကားဖြင့်လည်းကောင်း၊ ၂၇ မိုင်ခရီးရှိသော ဟိုပင်-အင်းတော်ကြီး ခရီးစဉ်တွင် မော်တော်ယာဉ်ဖြင့် လည်းကောင်း လာရောက်လည်ပတ်နိုင်သည်။ အင်းတော်ကြီးဘေးမဲ့တောသည် အထက်ရွက် ပြတ်ရောနှောတောစိုနှင့် အမြဲစိမ်းတောတို့ဖြစ်ပြီး ကချင်ပြည်နယ်၏ရာသီဥတုနှင့်အညီ အအေး ဓာတ်လွှမ်းခြုံလျက်ရှိရာ ဇီဝအဝန်းနယ်မြေနှင့် အာဆီယံအမွေအနှစ်အဖြစ် တည်ရှိသည့် အင်းတော်ကြီးအိုင်နှင့် အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၏ သဘာဝအလှတို့သည် မြန်မာနိုင်ငံ၏ ခရီးသွားရာသီသို့ ဝင်ရောက်လာ သည်နှင့် ပြည်တွင်း၊ ပြည်ပခရီးသွားတို့အား ညှို့ယူဖမ်းစားလျက်ရှိပါကြောင်း ရေးသားလိုက်ရ ပါသည်။ ။
- Log in to post comments