
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ယခုရက်ပိုင်းကားဈေးကွက်တွင် EV ကားများ ပုံမှန်အရောင်းအဝယ် ရှိနေပြီး ဆီကားများ စျေးငြိမ်ကာ အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောကြားသည်။
“EV ကားက တစ်လောက အရောင်းအဝယ်ဖြစ်တယ်။ ဒီရက်ပိုင်း ကုမ္ပဏီတွေ ထပ်ချပေးတယ်ဆိုပြီးတော့ တစ်ပတ်လောက်ရှိပြီ နည်းနည်းပြန်ငြိမ်သွားတယ်။ ရိုးရိုးဆီကားတွေက စျေးလည်း နည်းနည်းလှုပ်ပြီး အရောင်းအဝယ် ပြန်ဖြစ်တာ တစ်လလောက်ရှိပြီ၊ အခုလောလောဆယ်မှာ ဈေးတက်တာရပ်ပြီး အရောင်းအဝယ် နည်းသွားတယ်”ဟု ၎င်းကဆိုသည်။
“အထူးသဖြင့် SKD ထုတ် သိန်း ၁၀၀၀ အောက်ကားလေးတွေက သိန်း ၇၀ ဝန်းကျင် တက်သွားတယ်။ အခုရက်ပိုင်းအတွင်း အရောင်း အဝယ်ပြန်အေးသွားတယ်။ ဝယ်တဲ့သူနည်းပြီး ရောင်းတဲ့သူများလို့ ဈေးကွက်မှာ စောင့်ကြည့်ဆဲအဆင့်ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဘယ်မောင်း ကျပ်သိန်း ၁၀၀၀ တန်ကားများမှာ ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားပြီး ကျပ်သိန်း ၁၀၀၀ နှင့် ၂၀၀၀ ကြား ကားများမှာ ၇ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း ၎င်းက ဆိုသည်။ ယင်းကဲ့သို့ ကျပ်သိန်း ၁၀၀၀ မှ ၂၀၀၀ ဝန်းကျင်ကားများမှာ ဈေးတက်ခဲ့သော်လည်း ကျပ်သိန်း ၄၀၀၀ ကျော်၊ ၅၀၀၀ ကျော်မှ သိန်း ၁ဝဝဝဝ ကျော် ကားများ လုံးဝဈေးမတက်ကြောင်း သိရသည်။
MT