
ဝင်းမော်ထွန်း
=======
အသိပညာနှင့် တွေးခေါ်ဆန်းသစ်မှုတို့ကို စဉ်ဆက်မပြတ် လေ့လာရှာဖွေနေကျသူများထဲတွင် လူငယ်တို့သည် ရှေ့တန်းမှပါဝင်နေပေသည်။ လူငယ်ဆိုသည်မှာ ရဲရင့်တက်ကြွစိတ်၊ တီထွင်ဖန်တီးလိုစိတ်ဖြစ်ကာ အသစ်အသစ်များရှာဖွေရင်း ဘဝကိုလျှောက်လှမ်းနေကြသူများဖြစ်၏။ နောင်အနာဂတ်အတွက် တိုင်းပြည်ကိုဦးဆောင်သွားကြရမည့်သူများလည်းဖြစ်ပေရာ ထိုသူတို့သည် အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးဝေဖန်ပိုင်းခြားတတ်သော အတွေးအခေါ်ဆင်ခြင်တုံတရားတို့ဖြင့်ပြည့်စုံပြီး အစွန်းရောက်တွေးခေါ်မှုများမှကင်းဝေးကာ မဇ္ဈိမအလယ်အလတ်လမ်း အတွေးအခေါ်တို့ရှိကြဖို့လိုသည်။ သို့ဖြစ်၍ အသိဉာဏ်ပိုမိုရင့်သန်လာစေရန်အတွက် စာများများဖတ်ကြရပေမည်။ ခွန်အားရှိသောစာပေတို့ကို ရွေးချယ်ဖတ်ရှုရင်း ရင့်ကျက်တည်ငြိမ်သူလူငယ်များဖြစ်ရန် ကြိုးစားကြရပေမည်။
စာအုပ်စာစောင်ကိုင်၍ စာဖတ်ရခြင်းအရသာ
ယနေ့ကဲ့သို့ IT နည်းပညာခေတ်တွင် စာဖတ် ရသည်မှာ ပိုမိုလွယ်ကူလာ၏။ စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုခြင်း၊ စာကြည့်တိုက်များနှင့် Mobile library တို့တွင် ဖတ်ရှုနိုင်ခြင်းတို့အပြင် မိုဘိုင်းဖုန်းများ မှ ဖတ်လိုသောစာအုပ်စာစောင် PDF file (Portable Document Format) များကို ဒေါင်းလုပ် (download)ရယူကာ မိမိကိုယ်ပိုင် Smart Phone၊ Tablet ၊ Laptop ၊ ကွန်ပျူတာ P.C တို့ဖြင့်လည်း လွယ်လင့်တကူ ဖတ်ရှုနိုင်ပေသည်။ ခရီးသွားလာ စဉ် စာဖတ်ရာ၌ ပိုမိုအသုံးပြုလာခဲ့ကြပြီဖြစ်သော် လည်း စာအုပ်စာစောင်ကိုင်၍ စာဖတ်ရခြင်းအရသာ သည် ပိုမိုကောင်းမွန်သည်ဟု ထင်မြင်မိပါ၏။ သို့ဖြစ်၍ စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုရာ၌ မိမိနှစ်သက်ရာ သက်ဆိုင်သောဘာသာရပ် အကြောင်းအရာပေါ်မူတည်၍ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်သော စာပေပွဲတော်ကျင်းပပေးခြင်းသည် လွန်စွာအကျိုးရှိလှပေ၏။ စာပေပွဲတော်၏ ရည်ရွယ် ချက်မှာ စာပေလေ့လာဖတ်ရှုလိုစိတ် မြင့်မားလာ စေရန်၊ အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို လူငယ်တို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရန် အစရှိ သောအချက်များအပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ထက်သန်လာစေရေးတို့ကို ဦးတည်ဆောင်ရွက် ပေးသည်ဟု သိရှိရ၏။
စာဖတ်ခြင်းအကျိုးကျေးဇူးကို အထူးပြောစရာ မလိုအောင် ယနေ့ခေတ်လူငယ်များသိကြပေ၏။ ထို့ကြောင့် စာဖတ်သူများပြားတိုးတက်ပြီး စာဖတ် ရှိန်မြင့်မားရေးဆီသို့ ဦးတည်ဆောင်ရွက်ပေး နိုင်စေရန် စာပေပွဲတော်များသည် အမှန်ပင် အထောက်အကူဖြစ်စေသည်မှာ အသေအချာပင် ဖြစ်ပေသည်။ စာဖတ်ရာ၌ ငယ်စဉ်ဘဝမှစကာ ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်မှသည် အသက်အရွယ် အလိုက် စာကိုရွေးချယ်ဖတ်ရှုတတ်လာခဲ့ကြပေရာ စာကောင်းပေမွန်ဖတ်ရ၊ ရှာဖွေရ မိမိတို့လူငယ်ဘဝ အောင်မြင်ရေး၊ အတွေးအခေါ်တိုးတက်ရေး စသည့် ရလဒ်ကောင်းများရရှိလာမည်၊ အသိဉာဏ်ပြည့်ဝ ကာ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ပြီး ဘဝကိုရင်ဆိုင် ၍ ဒုက္ခဆိုးများကို ကျော်လွှားနိုင်ကြမည်။ ယခု ကာလလို ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကျရောက်နေ ချိန်၌ ပိုမို၍စိတ်ခွန်အားပြည့်ဝနေကြရပေမည်။ ကျန်းမာရေး အသိပညာရစေသော စာပေများ ဖတ်ရှုကာ သတိပြုဆင်ခြင်နေထိုင်သွားကြရပေ မည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် တွင်ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပပေးသည်ဟု သိရ၏။ သက်ဆိုင်ရာပြခန်းအသီးသီးတွင် လေ့လာနိုင်မည် ဖြစ်သည့်အပြင် ကလေးသူငယ်တို့အတွက် မြန်မာ့ ရိုးရာကစားနည်းများကိုလည်း ကျင်းပပေးသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖတ်ရှုသိရှိ ခဲ့ရပေရာ သက်ဆိုင်သူလူငယ်တို့အတွက်သာမက မိဘ၊ ဆရာတို့အနေဖြင့်လည်း ဝမ်းမြောက်ဖွယ် ဖြစ်ပေ၏။ စာဖတ်ခြင်းကြောင့်ရလာသော စိတ်ဓာတ်မြင့်မားမှုအပြင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင် ကျန်းမာသန်စွမ်းခြင်း ရလဒ်ကောင်းများလည်း ရရှိလာမည်ဖြစ်သည်။
စာပေပွဲတော်၌ ရွေးယူဖတ်ရှုနိုင်
ယနေ့အချိန်ကဲ့သို့ ဒီမိုကရေစီအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုသို့ ကူးပြောင်းနေချိန် ပို၍စာဖတ်ကြရမည်။ နိုင်ငံသူ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားများ၊ ကိုးကွယ်မှုမတူကွဲပြားကြ သော်ငြား မတူကွဲပြားမှုကို နားလည်သိရှိပြီး လူကြီး လူငယ်ညှိနှိုင်းကာ ပြင်ဆင်သင့်သည်များ ပြင်ဆင် သွားနိုင်ပါက အနာဂတ်ခရီးဖြောင့်ဖြူးသွားမည်မှာ အသေအချာဟု ယုံကြည်မိပါ၏။ လူငယ်တို့အနေဖြင့် စာပေရွေးချယ်ဖတ်ရှုရာ၌ မိမိစိတ်ဝင်စားသော ကဏ္ဍနယ်ပယ်ပေါ်မူတည်ကာ ယခု စာပေပွဲတော်၌ ရွေးယူဖတ်ရှုနိုင်ပေသည်။ ပါတီစုံဒီမိုကရေစီစနစ်၏ အဓိကကျသော အထွေထွေရွေးကောက်ပွဲကျင်းပ ရာ၌ ဆန္ဒမဲစတင်ပေးကြမည့် လူငယ်အများစုသည် မဲပေးရာ၌ မိမိဆန္ဒနှင့်ကိုက်ညီသော မဲပေးမှု ဖြစ်စေရန် ရွေးကောက်ပွဲဆိုင်ရာစာပေများကိုလည်း လေ့လာဖတ်ရှုထားသင့်ကြပေသည်။ မဲများသူ အနိုင်ရစနစ် (First-Past-The-Post-FPTP)၊ အချိုးကျကိုယ်စားပြုစနစ် (PR)Proportional Representation စနစ် စသည်တို့ကို လေ့လာဖတ်ရှု ထားပါက မည်သို့သောစနစ်သည် မိမိတို့နယ်မြေတွင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအား မဲပေးရာ၌ အကောင်းဆုံးဖြစ်သည်ကို အသက် (၁၈) နှစ်ပြည့်သူ မဲစတင်ပေးမည့် လူငယ်မောင်မယ်များ စာပေဖတ်ရှုရင်းမှ ဗဟုသုတရကာ ပို၍ရွေးချယ်မှု မှန်ကန်စေမည်ဖြစ်ပေသည်။
အခွင့်အလမ်းတစ်ရပ်ရယူနိုင်
စာဖတ်ခြင်း၏ အကျိုးကျေးဇူးရလဒ်ထူး ကို အထွေအထူးပြောစရာပင်လိုအံ့မထင်ပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင် ခဲ့သည့် ပန်းတနော်သားဆရာကြီး ဦးသန့်၏ အဆိုအမိန့် စကားဖြစ်သော “အောင်မြင်သော လူမျိုးတိုင်းသည် စာဖတ်ကြ၍၊ စာဖတ်သော လူမျိုးတိုင်းသည် အောင်မြင်ကြသည်”ကို စာဖတ် များသူလူငယ်အများ သိရှိကြမည်ဖြစ်ပေရာ စာတတ်သူတိုင်း စာဖတ်ဝါသနာပါသူ လူငယ်တိုင်း “စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ် နှင့်စာပေပွဲတော်” သို့သွားရောက်လေ့လာရှာဖွေရင်း စိတ်ခွန်အားပြည့်ဝအောင် စွမ်းဆောင်ကြိုးပမ်း အခွင့်အလမ်းတစ်ရပ် ရယူနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါရစေ။
စာများများဖတ်သူသည် မိမိယုံကြည်ရာကဏ္ဍ နယ်ပယ်၌ အောင်မြင်ရန် ပထမခြေလှမ်းပင်ဖြစ်ရာ အဆိုးလောကဓံကိုကြုံရသော်ငြား စာပေမှရရှိသော အတွေးအမြင်ကောင်းတို့ဖြင့် ကျော်ဖြတ်သွားနိုင် မည်ဖြစ်၏။ အသိ၊ သတိ ဆင်ခြင်တုံတရားဖြင့် လူ့ဘောင်လောကတွင် နေထိုင်လှုပ်ရှားရင်း စုပေါင်း လုပ်ဆောင်တတ်သောစိတ်ဓာတ်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ပြည့်စုံသော အဖိုးတန်လူငယ်များဖြစ်စေကြပါမူ အတိုင်းထက် အလွန် လူ့ဘဝ လူ့ကမ္ဘာ အသက်ရှင်သန်နေခွင့်ရသူ များဖြစ်ကြပေမည်။ “မိမိစိုက်ပျိုးသောအရာ မိမိ ရိတ်သိမ်းရသည်” ဆိုသည့်မူအရ စာကောင်းပေမွန် ဖတ်ရှုရသောအကြောင်းကြောင့် စာပေမှ အတွေး ကောင်း၊ အမြင်ကောင်း၊ ဆုံးဖြတ်ချက်ကောင်းများ ရရှိကာ အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်ကြပေ မည် ဖြစ်ပေသည်။
သွားရောက်လေ့လာဝယ်ယူ
သို့ဖြစ်ပါ၍ ယခုကဲ့သို့ ကြုံတောင့်ကြုံခဲ စာပေ ပွဲတော်တစ်ခုကို နိုင်ငံတော်အစိုးရက ကျင်းပပေးချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉၊ ၃၀၊ ၃၁ ရက်နေ့များ မှာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်လေ့လာ ဝယ်ယူဖတ်ရှု အသိဉာဏ် ပညာရင့်သန်မှုအတွက် အခွင့်အလမ်းသစ်တစ်ခုကို လက်လွတ်မခံစေသင့်ကြောင်း ထပ်လောင်း ပြောလိုက်ပါရစေ။ “ပြည်ထောင်စုအကျိုး သယ်ပိုးဖို့ အသိပညာမြှင့်တင်စို့”ဆိုသည့် “စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော်” ၏ ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားလူငယ်မောင်မယ်များ မှန်ကန်သော အသိ၊ မမေ့သော သတိတို့ဖြင့် နိုင်ငံချစ်စိတ် မျိုးချစ် စိတ်အပြည့်ရှိသော လူငယ်မောင်မယ်များပီပီ ငြိမ်းချမ်းသော မြန်မာနိုင်ငံအဖြစ် ဖော်ဆောင်ရာ၌ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာမက ထုဆစ်ပုံဖော်နိုင် ကြသော ပဲ့ကိုင်ရှင်ကောင်းများဖြစ်ကြပါစေဟု ဆုမွန်ခြွေကာ “လူငယ်နှင့် စာပေပွဲတော်”ကို ကြိုဆို လိုက်ရပါသည်။ ။
- Log in to post comments