
ရန်ကုန် မေ ၁၆
ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၁၃၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၀၆ ခုနှင့် ပတ်သက် သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ရာတွင် အထက်ပါအချက်များ ပါဝင်ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၄၅၀ ကျော်၊ အမျိုးသမီး ၈၉၀ ကျော် စုစုပေါင်း ဦးရေ ၁၃၀၀ ကျော် ခေါ်ယူ မည်ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ် ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထား မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်ကလည်း မြန်မာသံရုံး၊ တိုကျိုမြို့အနေ ဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်း စာ ၄၀၈ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ဦးရေ ၁၁၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း အလုပ်ကမ်းလှမ်းစာ ၄၀၃ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၃၀ ကျော်၊ အမျိုးသမီး ၉၄၀ ကျော် စုစုပေါင်း ဦးရေ ၁၂၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
MT