
နေပြည်တော် အောက်တိုဘာ ၉
ရေလှောင်တမံကြီးများ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ လျာထား စိုက်ဧက ပြည့် ဆည်ရေပေးဝေနိုင်ရေး၊ ဆည်ရေစီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာ၊ အသိပညာ ဖြန့်ဝေရေးလုပ်ငန်း များကို လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း ယနေ့ နံနက်ပိုင်းတွင် ငမိုးရိပ်ရေလှောင်တမံသို့ ရောက်ရှိစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူ များကို ဆွေးနွေးပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီး ငမိုးရိပ်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ငမိုးရိပ်ရေလှောင်တမံမှ စိုက်ပျိုးမြေဧရိယာ ဧက သုံးသောင်းကျော်နှင့် မြို့ရေပေးဝေရေးအတွက် နေ့စဉ် ရေဂါလန် သန်း ၁၃၀ ကျော် အကျိုးပြုလျက်ရှိသည်။ ယခုနှစ် မိုးရာသီတွင် ကန်ရေပြည့်သိုလှောင်နိုင်ခဲ့သဖြင့် လက်ရှိတွင် ရေဧကပေ ၃၅၀၀၀၀ ကျော် သိုလှောင် ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ရေပိုလွှဲပေါ်တွင် ရေကျော်ကျလာပါက အလိုအလျောက်လဲနိုင်သည့် ၂ ပေအမြင့် သစ်သားရှပ်တာ တပ်ဆင်ခဲ့သဖြင့် ယခုနှစ်အတွက် ဆည်ရေ ဧကပေ ၂၀၀၀၀ ပိုမို သိုလှောင်ထားနိုင်ခဲ့ခြင်းကြောင့် နွေစပါး ဧက ၄၀၀၀ အတွက် စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင် ငမိုးရိပ်ရေလှောင်တမံအား ရေကူပေးနေ သည့် ပေါင်းလင်းတမံနှင့် မဟူရာတမံတို့တွင်လည်း ယခုနှစ် ကန်ရေပြည့် သိုလှောင်ထားနိုင်လျက်ရှိရာ ငမိုးရိပ်ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ပျိုး မွေးမြူရေးနှင့် ရန်ကုန်မြို့တော် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အပြည့်အဝ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မှော်ဘီမြို့ ညောင်နှစ်ပင်စိုက်ကွင်းရှိ စိမ်းလန်း သမဝါယမအသင်း၏ ဓာတုကင်းလွတ် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု ဧရိယာအတွင်း သမဝါယမအသင်းဝင် တောင်သူ အိမ်ထောင်စု ၂၀၀ က ဂျီအေပီ အသိအမှတ်ပြုလက်မှတ်ရ ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးအားပေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝ ရေးကို အလေးထားသုံးစွဲလာသည့် စားသုံးသူများ တိုးပွားလာလျက်ရှိသကဲ့သို့ ဓါတုကင်းလွတ်ထုတ် ကုန်များ ဂျီအေပီထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ် သည့် တောင်သူများ လုပ်ငန်းရှင်များလည်း တိုးတက် လာလျက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့် နည်းပညာ အသိပညာဖြန့်ဝေပေးခြင်း အားပေး ကူညီခြင်း လုပ်ငန်းများအပြင် လက်လီလက်ကား ဈေးများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ် သူများ ဝင်ငွေတိုးတက်မြင့်မားစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်