ဂျာမနီနိုင်ငံ၌ ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်စုဆောင်းသည့်စင်တာ ဖွင့်လှစ်

ဘာလင်   စက်တင်ဘာ   ၂


ဂျာမနီနိုင်ငံဘာလင်မြို့၌ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ များနှင့်   ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ များအတွက် လိုအပ်သော သတင်းအချက်အလက် စုဆောင်းရန် စင်တာတစ်ခုကို   ယမန်နေ့က ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ 


အဆိုပါစင်တာတည်ဆောက်ရန်  ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါစင်တာအား    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ်အက်နွန် ဂါဘရီယီဆက်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့က ယမန်နေ့ တွင် ဘာလင်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။ 


ယခုစင်တာကိုဖွင့်လှစ်ခြင်းအားဖြင့်   ကမ္ဘာပေါ် ရှိ နိုင်ငံများအနေဖြင့် ကပ်ရောဂါများကာကွယ် တားဆီးရေးတွင်  မှန်ကန်သော   သတင်းအချက် အလက်များကိုအခြေခံပြီး    ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ၌ လိုအပ်သော အကူအညီ များကို အချိန်မီပေးအပ်နိုင်မည်ဖြစ်ပြီး  လူသားများ၏ အသက်ကို  ကယ်တင်နိုင်မည်ဖြစ်ကြောင်း    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အကြီးအကဲ   တီဒရော့စ်အက်နွန် ဂါဘရီယီဆက်က ပြောကြားသည်။ 


ယခုဖွင့်လှစ်သော စင်တာမှ ရရှိသော ကပ်ရောဂါ ဆိုင်ရာသတင်းအချက်အလက်များကို နိုင်ငံများသို့   ဖြန့်ဝေပေးရန်    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ် က တိုက်တွန်းခဲ့သည်။ 
ထို့ပြင်ကပ်ရောဂါဆိုင်ရာအချက်အလက်များကို စူးစမ်းရှာဖွေရာတွင် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်သွားရန်အဆိုပါ စင်တာ က ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံများအကြား တွင် ကူးစက်ရောဂါများအပါအဝင် ကပ်ရောဂါများနှင့် သက်ဆိုင်သော   သတင်းအချက်အလက်များအား လျင်မြန်စွာမျှဝေပေးသည့်စနစ်တစ်ရပ်  ထူထောင်ရန် တီဒရော့စ်က တိုက်တွန်းခဲ့သည်။  


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ