
ရန်ကုန် မေ ၂
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း ပုံမှန်အနေအထားဖြင့်စပါးအရောင်းအဝယ် ဖြစ်နေ ပြီး လယ်သမားများအနေဖြင့် တစ်ဧကလျှင် အနည်းဆုံး လေးသိန်းဝန်းကျင်အမြတ်ရရှိကာ အချို့မှာ ငွေကျပ် ၁၀ သိန်းကျော် ခန့်အထိ အမြတ်ရရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်းမှ သိရ သည်။
ဈေးကွက်အတွင်း ဝယ်လက် များလည်းရှိနေပြီး ယခင်နှစ်များ ကဲ့သို့ အများစုစပါးရောင်းချိန် တွင် စပါးဈေးထိုးကျသွားခြင်းမရှိ ဘဲ ယခုနှစ်အတွင်း ဈေးအတက်၊ အကျမရှိဘဲ ပုံမှန်အနေအထား ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းလည်း ဆိုသည်။
“စပါးကတော့ အမြော်အမြင်နဲ့ ဝယ်ကြတယ်။ လယ်သမားကလည်း ရောင်းနေတယ်။ ဝယ်လက်တွေလည်း ရှိနေတယ်။ ဒီနှစ်ကတော့ ဈေးကပုံမှန် လေးပဲ၊ ကျလည်းမကျဘူး၊ တက်လည်း မတက်ဘူး။ ပုံမှန်အနေအထားနဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ စပါးတွေ ပေါ်ခါစနဲ့ အခုချိန်က စပါးအရည်အသွေး ကွာသွားပြီ။ ပုသိမ်ဘက်ဆိုရင် ပင်လယ် ရေနည်းနည်းပါလာပြီး ရေတွေငန်လာ ရော။ ငန်လာတဲ့ရေတွေကို တင်မိတဲ့ လယ်တွေက အရည်အသွေးတွေကျပြီး အကျိုးအကြေတွေရှိတာပေါ့။ အဲဒါမျိုး တွေကျ တင်း ၁၀၀ကို အနိမ့်ဆုံးစပါးတွေ ဆို ၁၈ သိန်း၊ သိန်း၂၀ ပေါ့” ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူက ပြောသည်။
နွေစပါးစိုက်ပျိုးချိန် များသောအား ဖြင့် စိုက်ပျိုးစရိတ်အပါအဝင် ကုန်ကျ စရိတ်မှာ တစ်ဧကလျှင် ရှစ်သိန်းခန့်အထိ ကုန်ကျစရိတ်ရှိပြီး စပါးအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် တင်း ၆၀၊ ၇၀ ပဲထွက်ရှိပါက လက်ရှိပေါက်ဈေးအနေ အထားအရ တစ်ဧကလျှင် အနည်းဆုံး သုံးသိန်းကျော်၊ လေးသိန်းခန့်ကျန်ကြောင်း၊ တောင်သူအချို့မှာ စပါးအထွက်နှုန်း ပိုများသည့် နယူးဧရာကဲ့သို့ စပါးမျိုးများ စိုက်ပျိုးကြပြီး ငွေကျပ် ၁၀ ဝန်းကျော်အထိ အမြတ်ရရှိကြောင်း သိရသည်။
“နွေစပါးက စိုက်ပျိုးစရိတ်အပါအဝင် တစ်ဧကကို ရှစ်သိန်းလောက် ရှိတယ်။ ဒီတော့ တစ်ဧကကို တင်း ၆၀၊ ၇၀ ထွက်တယ်ဆိုပါစို့။ တင်း ၆၀ ထွက်ရင် ၁၂ သိန်းရမယ်။ ရှစ်သိန်းသုံးရင် တစ်ဧက ကို လေးသိန်းပိုမယ်၊ ၁၈ သိန်းဈေးဆိုရင် ၁၁ သိန်း၊ ၁၁ သိန်းကျော်လောက်ရတော့ သုံးသိန်းကျော်လောက်ပိုတယ်။ စွန့်စား တဲ့ အချို့လယ်သမားတွေဆိုရင် နယူး ဧရာတို့လို စပါးစိုက်ကြသူတွေဆို တစ်ဧက ကို တင်း ၁၀၀ ကျော်၊ ၁၂၀၊ ၁၃၀ လောက် ထွက်တာ။ တင်း ၁၂၀ ထွက်ရင် ၂၄ သိန်း ရမယ်။ ၁၀ သိန်းလောက်မြတ်တယ်။ ၁၈ သိန်းဈေးနဲ့တွက်မယ်ဆိုလည်း မြတ်တာ ပဲ။ ဘာပဲဖြစ်ဖြစ် လယ်သမားတွေ တွက်ခြေကိုက်ပါတယ်”ဟု ပြောသည်။
ထို့အပြင် မိုးရာသီအချိန်တွင် တောင်သူများအနေဖြင့် နွေစပါးကဲ့သို့ ဓာတ်မြေဩဇာသုံးရန် မလိုတော့သည့် အတွက် ကုန်ကျစရိတ်ပိုမိုသက်သာရာ ပို၍အဆင်ပြေကြောင်းလည်း သိရသည်။
“မိုးစပါးဆိုရင် ပိုတောင်တွက်ခြေ ကိုက်ဦးမယ်။ မိုးတွင်းဆိုရေတက်၊ ရေကျ ကဖြစ် နုန်းတွေတင်ကျန်ခဲ့တော့ ဓာတ်မြေ ဩဇာသိပ်သုံးစရာမလိုဘူး။ ဒါကြောင့် ကုန်ကျစရိတ်က ပိုသက်သာတယ်”ဟု ပြောသည်။
MT