
ငွေဆောင် မေ ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း ကျောင်းသား ကျောင်းသူများ၏ လူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းမီးပုံပွဲအခမ်းအနား ပထမပိုင်း ကို ယနေ့ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်၌ ပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်စခန်း (ငွေဆောင်)စခန်းမှူး ကြီးကြပ် ဆရာ ဆရာမများနှင့် လူရည်ချွန်ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားက လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ စခန်းသိမ်း မီးပုံပွဲဖြစ်ပါကြောင်း၊ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေရန် ဖျော်ဖြေမှုများနှင့်အတူ စီစဉ်ပေးထားပါကြောင်း၊ လူရည်ချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လေ့လာရေးများ ဆောင်ရွက်ရင်း တစ်ဖက်တွင်လည်း ငွေဆောင် ကမ်းခြေ၌ အနားယူအပန်းဖြေခြင်း၊ ရေကူးခြင်းများ ပြုလုပ်နိုင်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမှတ်ရစရာများ ကျန်ခဲ့မည်ဟုထင်မြင်ပါကြောင်း၊ လာရောက်ကြသူများထဲတွင် ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း မတူနိုင်ကြောင်း၊ ဆုံဆည်းခွင့်ရကြ သော်လည်း ကိုယ့်တိုင်းဒေသကြီး၌ပင် ကျောင်းစာ များဖြင့် တွေ့ဆုံရန်ခက်ခဲပါကြောင်း၊ ယခုလို သူငယ်ချင်းမိတ်ဆွေသစ်များနှင့် အချိန်တိုကာလ လေးတွင် ဆုံဆည်းခွင့်ရပြီး ပျော်ရွှင်မည်ဟုမျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း ငွေဆောင်ဇုန်မှ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က လည်းကောင်း၊ ငွေဆောင်လူရည်ချွန် စခန်းမှူး၊ ငွေဆောင်ဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းနှင့် ချောင်းသာ ဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းတို့မှလည်းကောင်း လူရည်ချွန်ကျောင်းသား ကျောင်းသူ များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ထို့နောက် ကိုယ်စားပြုလူရည်ချွန်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မီးပုံပွဲဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ လူရည်ချွန်ကျောင်းသား ကျောင်းသူများ က စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် ဝိုင်းဖွဲ့ သီဆိုခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်း ပစ်ဖောက်ခြင်းများ ဆောင်ရွက်ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း ကျောင်းသား ကျောင်းသူများ၏ လူရည်ချွန်စခန်း (ငွေဆောင်)ကို ပိတ်သိမ်းခဲ့သည်။
လူရည်ချွန်စခန်း(ငွေဆောင်)မှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်း တွင် ယမုံနာဦးဟိုတယ်၌ပြုလုပ်သည့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက ဒေါက်တာမောင်မောင်ဦး၏ Artificial Intelligence(AI) ဉာဏ်ရည်တု ICT ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဟောပြောခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦး ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ သိကောင်းစရာဟောပြောခြင်း အခမ်းအနားများသို့ တက်ရောက်လေ့လာခဲ့ကြသည်။
သတင်းစဉ်