
နေပြည်တော် အောက်တိုဘာ ၂၆
မြန်မာနိုင်ငံ၏ e-Government စနစ် အကောင် အထည်ဖော်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်း ကော်မတီ၊ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
e-ID လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်
ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ ထိရောက် လျင်မြန်စေပြီး နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင် ရေးအတွက် e-Government စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက် အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (SDG) နှင့်အညီ သက္ကရာဇ် ၂၀၃၀ ၌ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခု ရရှိရေးဆိုသည့် လိုလားချက်၊ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး လူတစ်ဦးချင်းစီကို ကိုယ်ပိုင်နံပါတ်တစ်ခုစီ ထုတ်ပေး ရေးနှင့် e-Government Application များတွင် အသုံးပြုနိုင်ရေးဆိုသည့် လိုလားချက်၊ National Database စနစ်တည်ဆောက်၍ e-Government Application နှင့် Single Platform အဖြစ် ချိတ်ဆက် အသုံးပြုနိုင်ရေးဆိုသည့် လိုလားချက် စသည့်အချက် များသည် e-ID လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် တိုက်တွန်းလမ်းညွှန်ချက်များပင် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်လုပ်ငန်းကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ လုပ်ငန်း စီမံချက်အသစ်တစ်ခု မဟုတ်ကြောင်းကို ပြောကြား လိုပါကြောင်း။
ပိုမိုကောင်းမွန်သည်ကို သုံးသပ်တွေ့ရှိရ
ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ကြုံတွေ့နိုင်သည့်အခက်အခဲများကို သိရှိနိုင်စေရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်အချို့၌ နယ်မြေ ဒေသသတ်မှတ်၍ စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့ပြင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်း နိုင်ငံများ၏ စနစ်များကိုလည်း လေ့လာခဲ့ရာ ယင်းလေ့လာချက်များအရ မိမိတို့နိုင်ငံတွင် e-ID စနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပထမ အဆင့်အနေဖြင့် နိုင်ငံတွင်း နေထိုင်သူအားလုံးကို electronic နည်းပညာအသုံးပြု၍ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ (Biometric Data) များ ကောက်ယူကာ Database တွင် သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအတွက် (Uni-que ID Number) ကို (Random) ဖြင့် သတ်မှတ်ပေး၍ မှတ်ပုံတင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ဒုတိယအဆင့် အနေဖြင့် electronic စနစ်ဖြင့် မှတ်ပုံတင်ထားသူ များအနက်မှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နှင့်အညီ နိုင်ငံသား အရည်အချင်းရှိသူများကို စိစစ် အတည်ပြုပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးခြင်း (National ID) (သို့မဟုတ်) အချိန် အတိုင်းအတာတစ်ခုတွင် တစ်ပြိုင်တည်း ဆောင်ရွက် ခြင်းတို့က ပိုမိုကောင်းမွန်သည်ကို သုံးသပ်တွေ့ရှိရ ပါကြောင်း။
e-ID စနစ် မှတ်ပုံတင်ခြင်း စီမံကိန်းအောင်မြင် အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ရရှိ သည့် အချိန်ကာလအတွင်း ပြီးစီးနိုင်သမျှသော လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် ယခု စီမံကိန်း အောင်မြင်နိုင်ရေးအတွက် ကောင်းမွန်သည့် အကြံဉာဏ်များပေးကြရန်နှင့် လုပ်ငန်းလိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်နှင့် လုပ်ငန်းကော်မတီဝင်များက e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထည့်သွင်းဆောင်ရွက်ရမည့်အခြေအနေများ၊ တိကျ ခိုင်မာသည့်ဥပဒေနှင့် နည်းပညာ ဆိုင်ရာလိုအပ်ချက် များ၊ ဌာနအလိုက် နည်းပညာဆိုင်ရာ ဆောင်ရွက်နေမှု နှင့် နည်းပညာ လုံခြုံရေးဆိုင်ရာအခြေအနေများ၊ လုပ်ငန်းဆိုင်ရာအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်း စီမံချက် ရေးဆွဲပြုစုနိုင်ရေးအခြေအနေများ၊ တွေ့ကြုံ နိုင်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များနှင့် လုပ်ငန်းလိုအပ်သည်များကို မေးမြန်းညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆွေးနွေးအကြံပြုချက်များနှင့် ပတ်သက်၍ e-Government ဦးဆောင်ကော်မတီသို့ ဆက်လက် တင်ပြကာ လုပ်ငန်းစီမံချက် ရေးဆွဲဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာ စကားပြောကြား ခဲ့ကြောင်းသိရသည်။
သတင်းစဉ်