
နေပြည်တော် စက်တင်ဘာ ၂၁
e-Government လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ပြည်သူလူထု၏ လိုအပ်ချက်များ ကို ထိထိရောက်ရောက် ဝန်ဆောင် မှုပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးစီးဌာနများအနေဖြင့် e-Government လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ထဲထဲဝင်ဝင် စိတ်ပါဝင်စားစွာ ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန e-Government ဆိုင်ရာ လုပ်ငန်းများတိုးတက်စေ ရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပြီး ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တာဝန် ရှိသူများနှင့် ဝန်ထမ်းများကို ထိုသို့ တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ် သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်သော သင်တန်းများနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ပို့ချသော သင်တန်းများသည် e-Government လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အတွက် တက်ရောက်ပြီးသူများ က ဝန်ကြီးဌာနအတွင်း ဆင့်ပွား သင်တန်းများ ပြန်လည်ပို့ချသွား ရန်နှင့် လက်တွေ့ဆောင်ရွက်ရန် လိုကြောင်း၊ e-Government ဌာနခွဲအား လူမှန်နေရာမှန်ဖြင့် ဖွဲ့စည်းထား ရှိပြီး e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပညာ အသုံးပြုခြင်းဖြင့် အချိန်တိုအတွင်း လုပ်ငန်းပြီးစီး နိုင်ခြင်း၊ မြန်ဆန်လုံခြုံစွာ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က နည်းပညာ ကျွမ်းကျင်မှုရှိစေရန် အရာထမ်း/ အမှုထမ်းများကို သင်တန်းပို့ချ လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း တတ်ကျွမ်းသူများကို ရွေးချယ်စုစည်း၍ ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ Network Security နှင့် Document Security ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အရာထမ်း/ အမှုထမ်းများ အနေ ဖြင့် လုပ်ငန်းကျွမ်းကျင်အောင် ဆောင်ရွက်နိုင်ရုံမက Digital Ethic ကို အလေးထား လိုက်နာကျင့်သုံး ရန်လိုကြောင်း မှာကြားခဲ့သည်။
ယင်း အစည်းအဝေးတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ အလိုက် ဆောင်ရွက်လျက်ရှိ သော Social Management Information System (SMIS)၊ Enterprise Resource Planning (ERP) ၊ Inventary Management Software (IMS)၊ Myanmar Disaster Alert (MDA)၊ Electronic Document Management System(EDMS)၊ Digital Literacy Training ၊ Advanced Training စသည့် လုပ်ငန်း/ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်