ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅ 


ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး  တင်အောင်စန်းသည်  တာဝန်ရှိ သူများနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက မြန်မာ့မီးရထား စက်ခေါင်းသစ်   တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ   (နေပြည်တော်)   သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးက  ထုတ်လုပ်/ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုများနှင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်၏   လမ်းညွှန်မှာကြားချက်များအပေါ်   ဆောင်ရွက်ပြီးစီး မှုများကို လည်းကောင်း၊ အထွေထွေမန်နေဂျာ (အင်ဂျင်နီယာ/စီမံ) က  မြင်းကောင်ရေ ၁၂၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ တပ်ဆင် ထုတ်လုပ်မှုများနှင့်   စမ်းသပ်မောင်းနှင်ပြီးစီးမှုများ၊   ဒီဇယ်လျှပ်စစ် ရထားတွဲ(DEMU) စမ်းသပ်တည်ဆောက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြရာ   ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီးက စက်ခေါင်းသစ် ထုတ်လုပ်တပ်ဆင်မှု လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ    အချိန်မီပြီးစီးရေး    ဆောင်ရွက်ရန်၊    လုပ်ငန်းခွင်  ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ အလေးထားဆောင်ရွက်ရန်၊ တပ်ဆင်ထုတ်လုပ်ရန် ကျန်ရှိနေသည့် စက်ခေါင်းများ သတ်မှတ်အချိန် ဇယားနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း  မြင်းကောင်ရေ ၁၂၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ် လေးခေါင်း တပ်ဆင်ထုတ်လုပ် ပြီးစီးနေမှုများနှင့် ဒီဇယ်လျှပ်စစ်ရထားတွဲ (DEMU)  စမ်းသပ်တည်ဆောက်နေမှုများကိုလည်းကောင်း၊  တပ်ဆင် ထုတ်လုပ်ပြီးစီးသည့်  စက်ခေါင်းသစ်တစ်ခေါင်း  စမ်းသပ်မောင်းနှင် မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။

 


စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) ၌ မြန်မာ့မီးရထား ကျွမ်းကျင်အင်ဂျင်နီယာဝန်ထမ်းများက မြင်းကောင်ရေ  ၁၂၀၀ အားရှိ ခေတ်မီဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များကို ကိုယ်တိုင် ထုတ်လုပ်ရန်      လျာထားဆောင်ရွက်လျက်ရှိရာ    စက်ခေါင်းသစ် လေးခေါင်း  တည်ဆောက်ပြီးစီးပြီဖြစ်ကာ ပဉ္စမမြောက် စက်ခေါင်းသစ် ကို ဆက်လက်တည်ဆောက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် မတ်လတွင်ပြီးစီး နိုင်ရန်    ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။    စက်ခေါင်းသစ်များကို မြန်မာ့မီးရထားလမ်းပိုင်းများရှိ လူစီးရထား ခရီးစဉ်များတွင် အသုံးပြု ပြေးဆွဲသွားမည်ဖြစ်ပြီး စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) မှ ကနဦးတွင် တောင်ပေါ်လမ်းပိုင်း ပြေးဆွဲရထားများနှင့် ကုန်ရထား ခရီးစဉ်များတွင် အသုံးပြုနိုင်မည့် မြင်းကောင်ရေ ၂၀၀၀ အား  ဒီဇယ်လျှပ်စစ် စက်ခေါင်းသစ် ၁၀  ခေါင်းကို ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် တပ်ဆင်ထုတ်လုပ်ခဲ့ပြီး လမ်းပိုင်းများတွင် အသုံးပြု ပြေးဆွဲလျက်ရှိကြောင်း သိရသည်။               

သတင်းစဉ်