နေပြည်တော် ဇွန် ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၀ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်) လမ်းပိုင်းကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာ အနီးရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စု ခန်းမကြီးသို့ရောက်ရှိရာ တာဝန်ရှိသူများက ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည့်စီမံချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက သမိုင်းဝင်အဆောက်အအုံကို ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလ ပုံစံမပျက် ရေရှည်တည်တံ့အောင် စီမံချက်ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ မီးဘေးလုံခြုံရေးအပါ အဝင် အမြဲတမ်းလုံခြုံရေးထားရှိနိုင်ရန် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး နှင့် အနော်ရထာ ရိပ်သာ ခန်းမဆောင်အတွင်း ကြည့်ရှုစစ်ဆေးပြီး အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမ အဝင်လမ်း နှင့် အထွက်လမ်း ပြင်ဆင်ဖောက်လုပ်မည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း ဆောင်ရွက်မည့် စီမံချက်အတိုင်း သတ်မှတ်ချိန် ပြီးစီးရေး အလေးထားကြပ်မတ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



