
နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပ သည့် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (41st ASEANAPOL Conference) သို့ တက်ရောက် ခဲ့သည်။
အဆိုပါ (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့ အတွင်း ရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်းများ ဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ရုရှား၊ နယူး ဇီလန်၊ တူကီယဲ၊ ဗြိတိန်၊ ဩစတြေးလျနှင့် အာဆီယံ အတွင်းရေးမှူးရုံးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လေ့လာသူနိုင်ငံ/အဖွဲ့အစည်းများ ဖြစ်ကြသော ကနေဒါ၊ ပြင်သစ်၊ ဖီဂျီ၊ တီမောလက်စတေ၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန် အခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (IACP)၊ အမေရိကန်စုံစမ်းစစ်ဆေးရေးဗဟိုဌာန (FBI) တို့မှ အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၃၀၀ နီးပါး ခန့် တက်ရောက်ခဲ့ကြသည်။
ညီလာခံအစီအစဉ်အနေဖြင့် အောက်တိုဘာ ၁၆ ရက်တွင် (၁၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ အလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်တွင် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲအခမ်းအနား၊ ပထမ အကြိမ်စုံညီအစည်းအဝေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဆွေးနွေးမှုဖိုရမ်၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ဆွေးနွေးမှုဖိုရမ်နှင့် မှုခင်းအမျိုး အစားအလိုက်ဆွေးနွေးသည့် ကော်မရှင် A ၊ B ၊ C အစည်းအဝေးများကို လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ကော်မရှင် A ၊ B ၊ C ဒုတိယနေ့ အစည်း အဝေးများကိုလည်းကောင်း၊ အောက်တိုဘာ ၁၉ ရက် တွင် ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့်(၄၁)ကြိမ် မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပိတ်ပွဲအခမ်းအနား တို့ကိုလည်းကောင်း ကျင်းပခဲ့သည်။
အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု၊ စီးပွားရေး မှုခင်းများနှင့် ဘဏ်ငွေကြေးလိမ်လည်မှုများ၊ ဆိုက်ဘာ မှုခင်း၊ ခရီးသွားစာရွက်စာတမ်းများအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော်လိမ်လည်မှု၊ အာဆီယံရဲအဖွဲ့၏ အီလက်ထရောနစ် Database စနစ်၊ ပြစ်မှုဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေး ရေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းရည် မြှင့်တင်ရေးအစီအစဉ်၊ အာဆီယံရဲအဖွဲ့၏ မှုခင်း ဆေးပညာသိပ္ပံကွန်ရက် စသည့်မှုခင်းအမျိုးအစား များနှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် အာဆီယံ ရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ် အမှုဆောင် ညွှန်ကြားရေးမှူးတို့က လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Sonexay Siphandone ထံ သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ကြပြီး ညနေ ပိုင်းတွင် ဒုတိယအကြိမ်စုံညီအစည်းအဝေးနှင့် ညီလာခံ ပိတ်ပွဲအခမ်းအနားကို ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် လာအိုနိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လာအိုနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ် Kamkim Phouilamany-vong က (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံ အာဆီယံရဲအဖွဲ့အထိမ်းအမှတ် တံဆိပ်ကို လွှဲပြောင်းပေးရာ မြန်မာနိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် က လက်ခံရယူပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားကာ မြန်မာ့ရှုခင်းဗီဒီယိုကို အကြိုမိတ်ဆက်ပြသခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တို ဘာ ၂၀ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ယင်းနေ့ဒေသစံတော်ချိန် ည ၈ နာရီ ၅ မိနစ် တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်