
ဟားခါး ဩဂုတ် ၁၅
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် ထန်တလန်နှင့် ဟားခါးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင် တည်ဆောက်နေမှု၊ ဟားခါးမြို့ Cyclone Shelter တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၈ နာရီတွင် ထန်တလန်မြို့ ထန်တလန်နှစ်ခြင်းအသင်း တော်၊ Diamond Jubilee Memorial Hall ၌ ထန်တလန်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ၏ (၄) နှစ်တာကာလအတွင်း အစိုးရနှင့် ပြည်သူ ပူးပေါင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြသည့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို မြေပြင်တွင် လက်တွေ့မျက်မြင် သိရှိနိုင်ရန်၊ ဆက်သွယ်သွားလာရန် ခက်ခဲသည့် မိုးရာသီ ကာလတွင် ဒေသခံပြည်သူတို့၏ သွားလာရေးအခက်အခဲ များကို သိရှိနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်း ဖြစ်ပါ ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို ဒေသခံပြည်သူများ လက်တွေ့ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ ထိုဖွံ့ဖြိုး တိုးတက်မှုများမှ အချို့ကို ကောက်နုတ်ပြောကြားလို ပါကြောင်း၊ ပထမအချက်မှာ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၏ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်မှုသည် လွန်ခဲ့သည့် ၁၉၃၄ ခုနှစ် နောက်ပိုင်း (၇၃) နှစ် အတွင်း အမြင့်မားဆုံး တင်ပို့ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ဒုတိယသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ၂၀၁၉ ခုနှစ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြန်ဆုံးအဖြစ် UNWTO က သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄၀ ဒသမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့ပါကြောင်း၊ ထိုသို့သော ဖွံ့ဖြိုးတိုးတက်မှုများသည် နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဒေသခံပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများကြောင့်သာ ဖြစ်ပါကြောင်း၊
နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဖြစ်ထွန်းရေးအတွက် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလို ပါကြောင်း။
ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်ခြင်း ရလဒ်ကောင်းများကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း များနှင့် စပ်လျဉ်း၍ အကောင်းဆုံးကာကွယ် ထိန်းချုပ်မှု စံပြအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားပါကြောင်း။
အခွင့်အရေးတစ်ရပ်ဖြစ်
အသက် ၁၈ နှစ်ပြည့်ပြီး ငါးနှစ်လျှင် တစ်ကြိမ်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင် ရေးသည် နိုင်ငံသားတိုင်းအတွက် များစွာတန်ဖိုးရှိသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ အဆိုပါ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမှု မရှိစေလိုပါကြောင်း၊ မဲစာရင်းများ မှန်ကန်ရေးသည် အရေးကြီးပြီး အချို့နေရာများတွင် မဲစာရင်းမှားယွင်းမှုများရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ၊ ဒေသခံပြည်သူများအနေဖြင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာ ကျင့်သုံးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ရွှေ့ပြောင်းတောင်ယာစနစ်ကို အစားထိုးနိုင်ရေး အတွက် ချင်းပြည်နယ်၏ တောတောင်ရေမြေသဘာ၀နှင့် လိုက်လျောညီထွေဖြစ်ပြီး ဈေးကွက်ဝင်ပစ္စည်းအမည် ဖြစ်သည့် “၀”ဥ စိုက်ထုတ်လုပ်ခြင်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် မြို့မိမြို့ဖ ဦးငွန်ဟရမ်းနှင့် ဦးရှန်ဇဲလ်တို့က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက် ဘောလုံးကွင်းမြောက်ဘက်ခြမ်း မြေထိန်းနံရံနှင့် မြို့ရှောင်လမ်း ပြိုကျခြင်းကို အမြန်ပြုပြင် ပေးနိုင်ရေး၊ “၀”ဥ စက်ရုံ တည်ဆောက်ပေးနိုင်ရေး၊ တယ်လီဖုန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာ ၁၂ ရွာ အတွက် တာဝါတိုင်စိုက်ထူပေးနိုင်ရေး၊ ကျေးရွာ၁၈ ရွာကို ကျေးရွာ အုပ်စုအဖြစ်တိုးချဲ့နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေး သည့် အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေး ဌာန တည်ရှိသည့်ကျေးရွာများကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသွယ်တန်းပေးနိုင်ရေး၊ ဘွေနူးမြစ်ကူး တံတားတည်ဆောက်ပေးနိုင်ရေး၊ ထန်တလန်မြို့တော် ခန်းမအသစ် ဆောက်လုပ်ပေးနိုင်ရေးနှင့် ထန်တလန်မြို့ ရေပေးဝေရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးခင်မောင် ဝင်း၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးရွှေထီးအိုးနှင့် အမြဲတမ်းအတွင်းဝန် ဦးရွှေလေးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပါဝင် ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ် ဝန်ကြီး ဦးဖွေအားတို့က ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သစ္စာစီမံချက် ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထန်တလန်မြို့နယ် ခွာဟရန်၊ မှောင်တလန်၊ တလန်ပီးနှင့် အိုင်ဘူရ်ကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူ ၃၀၂ ဦးကို ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (ထန်တလန်)ကို အစိုးရနည်းပညာနှင့် သက်မွေးပညာသိပ္ပံ (ထန်တလန်)အဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်မည် ဖြစ်၍ ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းပါဝင်ဆောင်ရွက်နေကြသူများ အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် သဘာ၀ဘေးဒဏ် ကြောင့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက် မြောက်ဘက် ခြမ်း မြေထိန်းနံရံမြေပြိုခြင်းနှင့် မြို့ရှောင်လမ်း၊ လမ်းသား ပြတ်ကျသည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်ဦးနှင့် ညွှန်ကြားရေးမှူး ဦးဆန်းလွင်ဦး တို့က ထန်တလန်မြို့ပတ်လမ်းဆိုင်ရာ အချက်အလက်များ၊ သဘာ၀ဘေးဒဏ်ကြောင့် မြေပြိုကျမှု၊ လမ်းပြတ်ကျသည့် နေရာအား ယာယီပြန်လည်ပြင်ဆင်မည့် အဆိုပြုပုံစံတို့ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ မြေထိန်းနံရံနှင့် လမ်းသားပြတ်ကျမှုတို့သည် ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီခွဲက ထန်တလန်မြို့တွင် မိုးရေချိန် ၂ ဒသမ ၁ လက်မရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခု လမ်းတာပေါင်အသစ် ပြန်တင်ဆဲဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် ထန်တလန်မြို့မှ ဟားခါးမြို့သို့ ရောက်ရှိကြပြီး ဟားခါးတက္ကသိုလ်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းနှင့် အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးတို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးကောလိပ် ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ အမြဲတမ်း အတွင်းဝန် ဦးရွှေလေး၊ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေး နှင့် တာဝန်ရှိသူများက ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများ၊ တည် ဆောက်ပြီးစီးမှုများ၊ ဆက်လက်တည်ဆောက်သွားမည့် အစီအမံများ၊ ဟားခါးပညာ့ရိပ်သာအိမ်ရာဝင်း တည်ဆောက်မှုများ၊ ကောလိပ်တိုးချဲ့မြေရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
လမ်းညွှန်မှာကြား
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုနှင့် ဟားခါး ပညာ့ရိပ်သာ အိမ်ရာဝင်းတည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမသည် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုးငွေကျပ် ၉၃၃၁ ဒသမ ၁၉၄ သန်းဖြစ်ပြီး တည်ဆောက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ Multi Purpose Cyclone Shelter ဆောက်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က Multi Purpose Cyclone Shelter တည်ဆောက်ပြီးစီးမှု ၊ Cyclone Shelter ဆပ်စပ်လုပ်ငန်းများ၊ Cyclone Shelter ဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် Multi Purpose Cyclone Shelter အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးရာ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးရဲလေးမြင့်က ကျောင်းဆောင်သစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ (၃)ထပ်ကျောင်းဆောင်သစ်သည် အလျားပေ ၁၄၀၊ အနံပေ ၃၀ ရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ ခွင့်ပြုရန်ပုံငွေကျပ် ၅၇၆ ဒသမ ၆၅၂ သန်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံ
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို လက်တွေ့မျက်မြင် သိရှိနိုင်ရန်၊ ဒေသခံပြည်သူတို့၏ ဆက်သွယ်သွားလာရေး အခက်အခဲများကို သိရှိနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဒေသခံပြည်သူများထံမှ တိုက်ရိုက်မြင်တွေ့ကြားသိနိုင်ရန် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်လာသည်ကို မည်သူမျှ ငြင်းကွယ်၍မရပါကြောင်း၊ အတိုင်းအတာတစ်ခုအထိ တိုးတက်ပြောင်းလဲခဲ့ပါကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး (၅) နှစ်ပြည့်လျှင် တစ်ကြိမ် သာ ရရှိသည့် ဆန္ဒမဲပေးခွင့် အခွင့်အရေးကို မဆုံးရှုံးစေလို ပါကြောင်း၊ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးသည် အရေးကြီး ပါကြောင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ချက်များ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်း များ၊ ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုပါကြောင်း။
ထောက်ပံ့ပေးအပ်မည်
ကိုဗစ် - ၁၉ စီးပွားရေးကုသမှုအစီအစဉ်တွင် ပါရှိသည့် ပန်းတိုင်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ကိုဗစ်- ၁၉ ကာလအတွင်း မသန်စွမ်းသူ များအတွက် ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မသန်စွမ်းသူဦးရေ နှစ်သိန်းကို သုံးသောင်းကျပ်နှုန်းစီ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခု ချင်းပြည်နယ်ရှိ မသန်စွမ်းသူများကို ထောက်ပံ့မည့်စာရင်းတွင် ကနဦးထောက်ပံ့ပြီးသူ ၂၆၉၁ ဦး ရှိပြီး ထောက်ပံ့ရန်ကျန်သူဦးရေ ၆၁၃၀ ရှိသည့်အတွက် ၎င်းတို့ကိုလည်း တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၈၃၉ သိန်းကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးငွေ တစ်ဦး လျှင် သုံးသောင်းကျပ်နှုန်းစီ တစ်ကြိမ် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ် အောက် ကလေးများအား ၂၀၁၇ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ နာဂဒေသနှင့် ရခိုင်ပြည်နယ်၊ ၂၀၁၉ ခုနှစ်တွင် ကရင် ပြည်နယ်နှင့် ကယားပြည်နယ်၊ ၂၀၂၀ ပြည့်နှစ်တွင် ရှမ်း ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လစဉ် ငွေကျပ် ၁၅၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အသက် (၉၀) နှစ်အထက်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အသက် (၈၅) နှစ်အထက် တစ်ဦးလျှင် တစ်လ တစ်သောင်းကျပ်နှုန်း ဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန် ရှေးရှုကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
မေးမြန်းချက်များ ပြန်လည်ရှင်းလင်း
ထို့နောက် ဟားခါးမြို့ မြို့မိမြို့ဖဥက္ကဋ္ဌ ဦးငွန်ဆန်း အောင်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ဟားခါး - မတူပီလမ်းပေါ်၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးနိုင်ရေး၊ မြို့တော်ခန်းမအသစ် တည်ဆောက်ပေးနိုင်ရေး၊ ဟားခါး ခုတင် ၂၀၀ ဆေးရုံကို ခုတင် ၅၀၀ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ဆေးရုံကြီးရှိ ဓာတ်မှန်ဌာနအား တိုးချဲ့ဆောင်သို့ ပြောင်းရွှေ့ ပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက် ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်သတ်မှတ်နိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် သတ်မှတ်ပေးနိုင်ရေး၊ ဟားခါးထာရ်(၂) ရပ်ကွက် ဘောလုံးကွင်းအား စံချိန်မီ ဘောလုံးကွင်းအဖြစ် တည်ဆောက်ပေးနိုင်ရေး၊ ဟားခါး မြို့ပေါ် ချောင်းများအား ကျောက်စီနံရံနှင့် ရေမြောင်းများ တည်ဆောက်ပေးနိုင်ရေး၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ဗန်ကုလ်ကျောင်းဆောင်အား အသစ် ပြန်လည်တည်ဆောက်ပေးနိုင်ရေး၊ အမာခံလမ်းများ ခင်းပေးနိုင်ရေးတို့ကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးထက်၊ ဦးပေါင်လွန်းမင်ထန်၊ ဦးရွှေထီးအိုးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ထောက်ပံ့ပေးရန်ကျန်ရှိသော မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူသည်။
ထောက်ပံ့ငွေများ ပေးအပ်
ဆက်လက်၍ ကိုဗစ်-၁၉ ကာလတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့နှင့် ဟားခါးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့် ပြည်နယ်ဝန်ကြီး ဦးဖွေအား တို့က ဟားခါးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ဟားခါးမြို့ မြို့သစ်ရပ်ကွက်၊ ဟားခါး ထာရ်(၁)၊ (၂) ရပ်ကွက်၊ ချွန်ကျုံး၊ နှီဂရ်လောရ်၊ ဟဇုန်ဟရိန်၊ ဘွာလ်တပ်၊ ဟိုင်ဖိုင်၊ ဘုံသွ၊ ဘီဖူးလ်နှင့် ရင်ယီးရင်သဲ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၃၄၆ ဦးကို ပေးအပ် ခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် ဧပြီ ၁၆ ၇က်က လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ကျောင်းအုတ်နံရံများပြိုကျခဲ့သည့် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းအတွင်းရှိ အန္တရာယ်ရှိကျောင်းဆောင်အား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီး ဦးဗျက်ကျုံးက အဆောက်အအုံအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
တွေ့ဆုံ
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟားခါးမြို့ပြည်ထောင်စုရိပ်သာ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ သတင်းစဉ်