
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ချင်းပြည်နယ် ထန်တလန်မြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ထန်တလန်မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး ဟားခါးမြို့သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက် ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဒေါ်အေးအေးမော်က ချင်းပြည်နယ်အတွင်း အဆောက်အဦ ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် အဆောက်အဦများနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ တည်ဆောက်ရေးအတွက် နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လက်ရှိတည်ဆောက်ပြီးစီးမှု အခြေအနေ၊ တက္ကသိုလ်မုခ်ဦးတည်ဆောက်မည့်နေရာ၊ မင်းတပ်တက္ကသိုလ်ပေါင်းစု တည်ဆောက် နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေ၊ တက္ကသိုလ် ရေနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဟားခါးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ လျန်ဇာခုပ်က ဟားခါး တက္ကသိုလ်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကိုဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ပေါင်းစပ်ညှိနှိုင်း
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဟားခါးတက္ကသိုလ်နယ်မြေကို တက္ကသိုလ်ကောလိပ်ပေါင်းစုံ တစ်နေရာတည်း စုစည်းသင်ကြားပေးနိုင်သည့် နယ်မြေ တစ်ခုဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်နယ်မြေရှိ မြေလွတ်နေရာများတွင် ဒေသ ချယ်ရီပင်များကို စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် အမှတ်တရသစ်ပင်စိုက်ပျိုးစေသည့် အစီအစဉ်များ ဆောင်ရွက်ပေးသွားရန် မှာကြားပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ နွယ်ချောင်း ရေလှောင်တမံ တည်ဆောက်မည့် မြေနေရာကို ကြည့်ရှု ရာ ချင်းပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က စီမံကိန်းဆောင်ရွက်ရန် မြေပြင်တိုင်းတာစမ်းသပ်ခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် စီမံကိန်းဆောင်ရွက် မည့်နေရာနှင့် ဘူမိဗေဒ လေ့လာဆန်းစစ်မှုများ ဆောင်ရွက် ထားသည့် မြေသားများကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ အမှတ်(၂)ရပ်ကွက် ၆ လမ်းဆုံ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စရိတ်ကျခံမှု၊ ကမ္ဘောဇအလင်းတန်းဖောင်ဒေးရှင်းမှ စက်ပစ္စည်းကူညီပံ့ပိုးမှုတို့ဖြင့် ဒေသခံပြည်သူများအတွက် စက်ရေတွင်း တူးဖော်နေမှုကို ကြည့်ရှုသည်။
ဖွင့်ပွဲအခမ်းအနားတက်ရောက်
ယင်းနောက် ဒုတိယသမ္မတသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း(ဟားခါး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ တင်တင်လေးနှင့် သားဖွားသင်တန်း ကျောင်း(ဟားခါး) ကျောင်းအုပ် ဒေါ်အိအိမြင့်တို့က သားဖွားသင်တန်းကျောင်း(ဟားခါး) အဆောက်အဦကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က သားဖွားသင်တန်း ကျောင်း (ဟားခါး) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း ပေးကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့ ယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် လည်းကောင်း၊ သင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်း သူများနှင့်လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြား ရာတွင် ချင်းပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာ သားဖွား သင်တန်းကျောင်းသစ်ကြီးကို မြို့တော်ဟားခါးတွင် ဖွင့်လှစ်နိုင်သည့်အတွက် ချင်းပြည်နယ်ပြည်သူလူထုနှင့် အတူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေသည့် ယနေ့အချိန်အခါတွင် တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတို့အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၌ ယခုကဲ့သို့ သားဖွားသင်တန်းကျောင်း သစ်ကြီးကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတွင် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ပြီဖြစ်ကြောင်း။
နှစ်စဉ် လက်ခံသင်ကြားပေးနေ
ချင်းပြည်နယ်တွင် နေထိုင်ကြသည့် ပြည်သူလူထုအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့် မွေးထုတ်ရေးသည် လွန်စွာအရေးပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံမှု ကျယ်ကျယ်ပြန့်ပြန့်ရရှိရေး အတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ရန် ယခင်က ချင်းပြည်နယ်တွင် ဖလမ်းမြို့ သူနာပြု-သားဖွားသင်တန်းကျောင်း တစ်ကျောင်းရှိပါ ကြောင်း၊ ယင်းသင်တန်းကျောင်းတွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ပြီး သူနာပြု-သားဖွား ဒီပလိုမာတက်ရောက်လိုသူ သင်တန်းသား၊ သင်တန်းသူ ၈၀ ခန့်ကို နှစ်စဉ် လက်ခံသင်ကြားပေးနေ သည်ဟု သိရှိရပါကြောင်း။
သားဖွားသင်တန်းသူများကိုလည်း နှစ်စဉ် ၂၅ ဦးခန့် လက်ခံပြီး ချင်းပြည်နယ်တွင် သင်တန်းကျောင်းမရှိသည့် အတွက် ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်)တွင် လက်ခံသင်ကြားပေးနေခဲ့ရပါကြောင်း၊ ယခုအခါတွင် ဟားခါးမြို့၌ သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ချင်းပြည်နယ်မှ သားဖွားသင်တန်း သူများအနေဖြင့် မိမိတို့၏ဒေသ၌သာ ပညာဆည်းပူးနိုင်ကာ ဒေသ၏ ဓလေ့ထုံးစံများ၊ အဖြစ်များသည့်ရောဂါများကို ပိုမိုသိရှိသဘောပေါက်လာ၍ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စွာ ပေးနိုင်မည်ဖြစ်ကြောင်း။
အရေးပါသော အခန်းကဏ္ဍကလည်း ပါဝင်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ပြည်သူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိစေရေးတို့အတွက် အခြေခံကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ဘက်စုံသားဖွားဆရာမများ၏ အခန်း ကဏ္ဍသည် လွန်စွာအရေးပါ ပါကြောင်း၊ သားဖွားဆရာမ များသည် ကျေးရွာအထိသွားရောက်ပြီး ရပ်ရွာလူထုကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ ဖွားသေစာရင်းများ စနစ်တကျထား ရှိခြင်းတို့ဖြင့် ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ပြည်သူများ ကျန်းမာရေးအသိပညာရရှိကာ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်စားသောက်မှုပုံစံများဖြင့် ကျန်းမာသောသူများ ဖြစ်လာစေရန် အရေးပါသော အခန်းကဏ္ဍကလည်း ပါဝင်သူများ ဖြစ်ပါကြောင်း။
သားဖွားဆရာမများကို လေ့ကျင့်သင်ကြားပေးရန် ဟားခါးပြည်သူ့ဆေးရုံကြီးရှိပြီး သားဖွားဆရာမများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်အတွက် သားဖွားသင်တန်း ကျောင်း တစ်ကျောင်းဖွင့်လှစ်နိုင်ရန် ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြိုးစားရာမှ ယခုကဲ့သို့ သားဖွား သင်တန်းကျောင်းသစ်ကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါကြောင်း။
မိခင်နှင့်ကလေး သေနှုန်းများကို လျှော့ချနိုင်
ယခုကဲ့သို့ ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်သည့်အတွက် နိုင်ငံတော်၏ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် သားဖွား ဆရာမများ တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးနိုင်ခြင်း၊ ချင်းပြည်နယ်အတွင်းရှိ အမျိုးသမီးလူငယ်များ မိမိဒေသ အတွင်းမှာပင် သားဖွားသင်တန်း တက်ရောက်ခွင့်ရရှိခြင်း၊ ချင်းပြည်နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခြင်းဖြင့် မိခင်နှင့်ကလေး သေနှုန်းများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူး များရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ယခုသင်တန်းကျောင်းကြီးမှ နိုင်ငံတော် အတွက် အထူးသဖြင့် ချင်းပြည်နယ်၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်နှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကျင့်ဝတ်များစောင့်ထိန်း၍ အရည်အသွေးပြည့်ဝသည့် သားဖွားဆရာမကောင်းများ မွေးထုတ်နိုင်ပါစေကြောင်းနှင့် ပြည်သူလူထုမှ အားကိုး ယုံကြည်ပြီး မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည် အောင်မြင်စေရန် ကြိုးစားဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဝိုင်းဝန်း ထိန်းသိမ်း
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ချင်းပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ ပြီး အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်ပေးနိုင်မည်ဖြစ်သည့်အတွက် ယခုသင်တန်း ကျောင်းကို ရေရှည်တည်တံ့အောင်မြင်အောင် ဝိုင်းဝန်း ထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက သားဖွားသင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သားဖွားသူနာပြု မွေးထုတ်ပေးနိုင်မည့်အခြေအနေနှင့် သင်တန်းကျောင်း အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သားဖွားသင်တန်းကျောင်း(ဟားခါး)ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အမှတ်တရ လက်ဆောင်ပေးအပ်
ထို့နောက် ဒုတိယသမ္မတအား အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက သားဖွားသင်တန်းကျောင်း (ဟားခါး) ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပေးအပ်သည်။
ယခုဖွင့်လှစ်သည့် သားဖွားသင်တန်းကျောင်း (ဟားခါး)သည် ဟားခါး-ဖလမ်း ကားလမ်းအနီး ဟားခါး ထာရ်ရပ်ကွက်ရှိ မြေဧက ၂၀ ဒသမ ၂၆ ဧကပေါ်တွင် တည်ဆောက်ထားကြောင်း၊ အဆောက်အဦမှာ RC ကွန်ကရစ် နှစ်ထပ်အမျိုးအစားဖြစ်ပြီး သင်တန်းသူ အိပ်ဆောင်များပါ ထည့်သွင်းတည်ဆောက်ထားကြောင်း၊ အဆိုပါသင်တန်းကျောင်းတွင် တစ်နှစ်လျှင်သင်တန်းသူ ၅ဝ ကို လက်ခံသင်ကြားပေးနိုင်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ် တရားလွှတ်တော်ရုံး RC ကွန်ကရစ်သုံးထပ် တည်ဆောက် နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများမှ အဆောက်အဦပြီးစီးမှု အခြေအနေနှင့် ဘဏ္ဍာရန်ပုံငွေရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
အဆင့်မြှင့်တင်ဆောင်ရွက်
ထို့နောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းအုပ်ချုပ်မှုရုံး၊ နှစ်ထပ် စာသင်ဆောင်၊ သင်တန်းသား ၊ သင်တန်းသူ နှစ်ထပ် အိပ်ဆောင်၊ ကျောင်းအုပ်ကြီးနေအိမ်၊ စတို၊ရေလှောင်ကန်၊ ၂၀၁၉-၂၀၂ဝ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ၊ လေ့ကျင့်ရေးရုံ၊ လက်ထောက်ညွှန်ကြားရေးမှူးနေအိမ်၊ ထမင်းစားဆောင်၊ မီးဖိုချောင်၊ ဒုတိယကျောင်းအုပ်ကြီးနေအိမ်၊ ဆေးခန်း၊ ကားဂိုဒေါင်၊ အားကစားရုံ၊ အပျိုဆောင်၊ လူပျိုဆောင်၊ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက အားကစားနှင့် ကာယ ပညာသိပ္ပံ(ဟားခါး)ဧရိယာအတွင်းမြေလွတ်နေရာများ၌ရာသီသီးပင်စားပင်များကို စနစ်တကျစိုက်ပျိုးသွားရန်၊ သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေးအတွက် အဝီစိတွင်း တူးဖော်သွားရန်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး)အဝင်မြေသားလမ်းအရှည် တစ်မိုင်ခွဲအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ဧရိယာအတွင်း တည်ဆောက် ပြီးစီးသည့် အဆောက်အဦများနှင့် ဆက်လက်ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းများကို လိုက်လံကြည့်ရှုသည်။
ရေထွက်ရှိမှုကိုကြည့်ရှု
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ တီမစ် ရေထွက်မှ ရေကိုစုဆောင်းပြီး မြို့ရေပေးဝေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ရေထွက်ရှိမှုကိုကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ View Point သို့ရောက်ရှိပြီး မြို့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ ကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြ၍ ကလေးမြို့ သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
သတင်းစဉ်