ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖလမ်းမြို့နှင့် ထန်တလန်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

2

 

ထန်တလန် ဩဂုတ် ၁၄

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဖလမ်းမြို့ မြို့တော်ခန်းမတည်ဆောက်နေမှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ် တည်ဆောက်ပြီးစီးမှု၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ ဆေးရုံတိုးချဲ့ဆောင်တည်ဆောက်နေမှု၊ ဖလမ်း (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်နေမှု၊ Cyclone Shelter ဆောက်လုပ်နေမှု၊ ထန်တလန် မြို့ စက်မှုအထက်တန်းကျောင်း၊ ထန်တလန် လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ထန်တလန် ပြည်သူ့ ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမတည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့တော်ခန်းမ တည်ဆောက် နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။

 

ငွေကျပ်သန်း ၈၅၀

 

အဆိုပါခန်းမသည် သံကူကွန်ကရစ် သုံးထပ် အဆောက်အအုံဖြစ်ပြီး အလျားပေ ၁၀၀၊ အနံပေ ၆၀၊ အမြင့် ၄၂ ပေရှိကာ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အိန္ဒိယနိုင်ငံ ထောက်ပံ့ ငွေကျပ် ၄၆၅ သန်းနှင့် ပြည်နယ် စည်ပင်သာယာရန်ပုံငွေကျပ် ၃၈၅ သန်း စုစုပေါင်း ငွေကျပ်သန်း ၈၅၀ ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးသစ် တည်ဆောက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဖလမ်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြာအွယ် နှင့် တာဝန်ရှိသူများက အဆောက် အအုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။

 

အဆိုပါ အဆောက်အအုံသစ်သည် အလျားပေ ၁၀၀၊ အနံပေ ၇၀၊ အမြင့် ၄၃ ပေရှိပြီး စီမံကိန်းတန်ဖိုး ငွေကျပ် သန်း ၇၀၀ ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမသို့ရောက်ရှိပြီး ဖလမ်းမြို့ မှ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယသမ္မတက ချင်းပြည်နယ်(မြောက်ပိုင်း)၏ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးရန်နှင့် ဒေသ ဖွံ့ဖြိုးရေးလိုအပ်သည်များကို ထပ်မံ ဖြည့်ဆည်းပေးရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ အလားတူ မိုးရာသီ ကာလအတွင်း ဆက်သွယ်သွားလာရန် ခက်ခဲသည့် ချင်းပြည်နယ်ရှိဒေသခံ ပြည်သူများ၏ သွားလာရေးခက်ခဲမှု များကို လက်တွေ့သိရှိနိုင်ရန် လာရောက်ရခြင်းလည်းဖြစ်ပါကြောင်း။

 

ဖွံ့ဖြိုးမှု နောက်ကျခဲ့ရသည့် ချင်းပြည်နယ်သည် ယခုဆိုလျှင် သိသာစွာပြောင်းလဲ ဖွံ့ဖြိုးတိုးတက် နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ် မှု၏ အသီးအပွင့်ရလဒ်ကောင်းများပင် ဖြစ်ပါကြောင်း၊ အနာဂတ်ကာလများ တွင်လည်း နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ပါကြောင်း။

 

လိုက်နာကျင့်သုံး

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာဗဟု သုတများနှင့် လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာကျင့်သုံးကြစေလိုပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါသည် ကြီးမားသောစိန်ခေါ် မှုတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

 

အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်လျှင် တစ်ကြိမ်သာ ဆန္ဒမဲပေးခွင့်ရှိသည် ဖြစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဒေသခံ ပြည်သူများနှင့်ပူးပေါင်းကာ စနစ် တကျ သေချာစွာ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။

 

ယင်းနောက် ဖလမ်းမြို့မှ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးဟရန်းလောမ်က ဒေသဖွံ့ဖြိုး ရေးလိုအပ်ချက်များဖြစ်သည့် ဖလမ်း မြို့ ပြည်သူ့ဆေးရုံကို သုံးထပ် အဆောက်အအုံသစ် အဖြစ် ဆောက်လုပ်ပေးနိုင်ရေး၊ ဖလမ်းမြို့ မြေပြိုကျနိုင်သည့်နေရာ ငါးနေရာကို ကျောက်စီနံရံများ တည်ဆောက်ပေး နိုင်ရေးနှင့် Cyclone Shelter နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ထပ်မံ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ရှင်းလင်း တင်ပြပြီး ရိခေါဒါရ်မြို့ မြို့မိမြို့ဖ ဆလိုင်းသိန်းဌေးလွင်က ရိခေါဒါရ် မြို့ရှိ (၁၆) ခုတင်ဆံ့ဆေးရုံကို (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေး နိုင်ရေး၊ ရိခေါဒါရ်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် ဒီဇယ် မီးစက် ထောက်ပံ့ပေးနိုင်ရေးနှင့် ရိခေါဒါရ်မြို့အား မြို့နယ်အဆင့် တိုးမြှင့်ပေးနိုင်ရေးတို့ကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်နှင့် ညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဒေါက်တာစိုးဦးနှင့် ဦးဝင်းနိုင်ထွန်းတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပါဝင် ဆောင်ရွက်နေကြသည့် ဖလမ်းမြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ဒုတိယ ဝန်ကြီး ဦးမြင့်ကြိုင်တို့က ဖလမ်းမြို့ အမှတ်(၁)ရပ်ကွက်၊ ကျင်မွှာရပ်ကွက် နှင့် ခေါလယ်ကျေးရွာတို့မှ ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ကြသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၏ သစ္စာစီမံချက် အရ ဖလမ်းမြို့ ရပ်ကွက်နှစ်ရပ်ကွက် နှင့် ကျေးရွာရှစ်ရွာတို့မှ ဒေသခံပြည်သူ ၃၁၈ ဦးကို နိုင်ငံသားစိစစ်ရေးကတ် ပြားများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရှင်းလင်းတင်ပြ

 

ယင်းနောက် ဒုတိယသမ္မတသည် ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်း ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ အမြဲတမ်းအတွင်းဝန် ဦးရွှေလေးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်းတို့က အဆောက်အအုံ ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

 

အဆိုပါ သင်တန်းကျောင်းဆောင် သည် အလျားပေ ၁၄၀၊ အနံပေ ၃၀ ရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယသမ္မတသည် ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ ဆေးရုံ တိုးချဲ့ဆောင်တည်ဆောက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ တလွန်ကျုံးထန်တို့က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြသည်။

 

အဆိုပါ တိုးချဲ့ဆောင်သည် အလျား ပေ ၁၅၀၊ အနံ ၆၂ ပေနှင့် အမြင့် ၂၈ ပေရှိပြီး သံကူကွန်ကရစ် နှစ်ထပ် ဆောင်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဖလမ်း(ဆူရ်ဘုန်) လေဆိပ် ရှင်းလင်းဆောင်သို့ရောက်ရှိ ရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်စိုးက လေယာဉ် ကွင်း တည်ဆောက်နေမှု၊ လေဆိပ် ဆိုင်ရာအချက်အလက်များနှင့် Flight Check ဆောင်ရွက်ရာတွင် အကြံပြု ချက်များအရ လေယာဉ်များ ပိုမို အန္တရာယ်ကင်းရှင်းစွာ ဆင်း၊ တက်နိုင် ရန် လေယာဉ်ပြေးလမ်းမြောက်ဘက် ထိပ် ဝဲ/ ယာ နှစ်ဖက်ရှိ တောင်များ အား တောင်ဖြိုခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

 

ကြည့်ရှုစစ်ဆေး

ယင်းနောက် ဒုတိယသမ္မတသည် လေယာဉ်ကွင်းနှင့် လေဆိပ် တည်ဆောက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ဖလမ်း(ဆူရ်ဘုန်) လေဆိပ် သစ် တည်ဆောက်ခြင်းဖြင့် လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့ စေခြင်း၊ လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကိစ္စများ တိုးတက် လွယ်ကူလျင်မြန်စေခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး လုပ်ငန်းတိုးတက်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ် ကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် သည့် မြို့ပြလုပ်ငန်းများအပေါ် ယနေ့ အထိ ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း၊ ဖလမ်း(ဆူရ်ဘုန်) လေဆိပ် သစ် ပထမအဆင့်တည်ဆောက်ခြင်း လုပ်ငန်း စီမံကိန်းတစ်ခုလုံးအပေါ် ပြီးစီးမှု ၉၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

ဆောင်ရွက်ပြီးစီးမှု တင်ပြ

 

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့ Cyclone Shelter သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ညွှန်ကြားရေး မှူး ဦးမင်းသိန်းတို့က တည်ဆောက် ပြီးစီးသည့် Cyclone Shelter များ အခြေအနေ၊ Cyclone Shelter များ တွင် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် နေမှု၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ ဖြင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တိုက်ပွဲရှောင် ပြည်သူများအတွက် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ တင်ပြထားရှိမှုတို့ကို ရှင်းလင်းတင်ပြ ကြရာ ဒုတိယသမ္မတက သိရှိလိုသည် များကို မေးမြန်းသည်။

 

အဆိုပါ Cyclone Shelter သည် အလျားပေ ၉၀၊ အနံပေ ၆၀ ရှိပြီး ခွင့်ပြု ရန်ပုံငွေ ငွေကျပ် ၂၃၈ ဒသမ ၈၅၀ သန်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတ သည် အစိုးရနည်းပညာအထက်တန်း ကျောင်း(ထန်တလန်)အား ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ကျောင်း ဆိုင်ရာအချက်အလက်များ၊ ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျာထား တည်ဆောက်ရေးလုပ်ငန်းသစ်များ ကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက သိရှိလို သည်များကို မေးမြန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက် နှင့် ဦးပေါင်လွန်မင်းထန်နှင့် ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မြင့်ဦးတို့က ပြန်လည်ရှင်းလင်းတင်ပြကြသည်။

 

စီမံဆောင်ရွက်

 

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာနှစ်စတင်ချိန်မှစ၍ ပွင့်လင်းရာသီကာလအတွင်း စီမံကိန်း များကို အားသွန်ခွန်စိုက်ဆောင်ရွက် နိုင်ရေး ကြိုတင်စီမံပြင်ဆင်ဆောင် ရွက်သွားကြရန်၊ ကျောင်းတွင်း သန့်ရှင်း သော သောက်သုံးရေဖူလုံစွာရရှိနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြား သည်။

 

ထို့နောက် ဒုတိယသမ္မတသည် ကျောင်းအဆောက်အအုံနှင့် သင်တန်း သား လက်တွေ့အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါကျောင်းသည် ထန်တလန် မြို့၏ တောင်ဘက် ၄ မိုင်အကွာတွင် တည်ရှိပြီး အကျယ်အဝန်း ၄၀ ဒသမ ၆ ဧကရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၉၄၁ ဒသမ ၁၈၄ သန်းဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေရှိပြီး သံကူကွန်ကရစ် သုံးထပ် အဆောက်အအုံဖြစ်ကြောင်း၊ ကျောင်းတွင် အဆောက်အအုံနည်းပညာ သင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း နှင့် မော်တော်ယာဉ်နည်းပညာသင် တန်းတို့ကို သင်တန်းတစ်ခုလျှင် သင်တန်းသား ၃၀ စီ လက်ခံသင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သက်မွေး တိုကာလ သင်တန်းများအနေဖြင့် အခြေခံပန်းရန်၊ အခြေခံလက်သမား၊ သံချည်သံကွေး၊ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးနှင့် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်းများ ကို သင်တန်းတစ်ခုလျှင် သင်တန်းသား ၂၀ စီ လက်ခံသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည် ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီး ဦးခင်မောင် ဝင်းနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းတို့က ချင်းပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက် ရန်လျာထားသည့် စီမံကိန်းဆိုင်ရာ များနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ချင်းပြည်နယ် ထန်တလန် မြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတွင်တည်ဆောက်မည့် တည်ဆောက်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ ရေပေးဝေရေး ရေလှောင် ကန် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက် နှင့် ထန်တလန်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဗန် ဇအုပ်တို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

 

အဆိုပါရေလှောင်ကန်သည် အလျား ပေ ၄၀ ၊ အနံ ပေ ၄၀ နှင့် အမြင့် ၁၀ ပေ ၆ လက်မရှိ သံကူကွန်ကရစ် ရေလှောင်ကန်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၂၈ ဒသမ ၉ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရ သည်။

 

ဆက်လက်၍ ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံ တွင် ခွဲစိတ်ခန်းပါတိုးချဲ့ နှစ်ထပ်ဆောင် တည်ဆောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းပွား တို့က အဆောက်အအုံနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြကြသည်။

အဆိုပါ တိုးချဲ့ဆောင်သည် အလျား ပေ ၁၅၀၊ အနံ ၆၂ ပေ ရှိပြီး သံကူ ကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ် ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးရုံး တည်ဆောက်နေမှု အားကြည့်ရှုစစ်ဆေးရာ အမြဲတမ်း အတွင်းဝန် ဦးရွှေလေးနှင့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ရေရှည်ကာလကို မျှော်မှန်း၍ အဆောက်အအုံများ တည်ဆောက်ရာတွင် မြေနေရာကို စနစ်တကျစီမံခန့်ခွဲ အသုံးချသွားရန် လမ်းညွှန်မှာကြားသည်။

 

 

သတင်းစဉ်