ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော်၌ ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်နှုတ်ခွန်းဆက် အမှာစကားပြောကြား

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၀
 
 
(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
 
 
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်နှင့် ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးတွာလ်ကျင်းပေါင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ချင်းလူမှုရေးအသင်း (နေပြည်တော်)မှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူ များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးတွာန်ငင်းက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကို ဖတ်ကြားသည်။
 
 
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးတွာလ်ကျင်းပေါင်က ဖတ်ကြားသည်။
 
 
အမှာစကားပြောကြား
 
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်း ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် ချင်း အမျိုးသားများ၏ သမိုင်းသည် လည်းကောင်း၊ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်းသည် လည်း ကောင်း ဗြိတိသျှလက်အောက် ကျရောက်ခြင်းမှအစပြုခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။
 
 
၁၈၂၄ - ၁၈၂၆ ခုနှစ် အင်္ဂလိပ်- မြန်မာ ပထမစစ်ကတည်းကပင် ပလက်ဝနယ်နှင့် လူရှေတောင်တန်း ပေါ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲမှ အစပြုကာ ဗြိတိသျှလက်အောက် ကျရောက်ချိန်ထိ လည်းကောင်း၊ ဗြိတိသျှလက်အောက် ကျရောက်ပြီး သည့်နောက်ပိုင်း လွတ်လပ်ရေးရရှိ ချိန်ထိ လည်းကောင်း ချင်းအမျိုးသား များသည် ကျရာနေရာ အသီးသီးမှ ရရာလက်နက်များဆွဲကိုင်ကာ အခြား တိုင်းရင်းသား ညီအစ်ကိုများနှင့် အတူ အသက်သွေးချွေး၊ အိုးအိမ် စည်းစိမ်များစွာကိုစတေးပြီး ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ရန် တော်လှန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ် ပြီး လွတ်လပ်ရေးရပြီးသည့်နောက် လွတ်လပ်ရေး ထိန်းသိမ်းတိုက်ပွဲများ တွင်လည်း ရွပ်ရွပ်ချွံချွံဖြင့် တိုင်းပြည် အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို သမိုင်း မှတ်တမ်းများက သက်သေအဖြစ် ရှိနေပါကြောင်း။
 
 
များစွာဂုဏ်ယူ
 
ချင်းအမျိုးသားနေ့ဆိုသည်မှာ တိုက်သူကြီးများ (စော်ဘွားများ) အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ ခြင်းကို အခြေခံပြီး သတ်မှတ်ခဲ့သည့် နေ့တစ်နေ့ပင်ဖြစ်ပါကြောင်း၊ ထိုသို့ အုပ်ချုပ်မှုစနစ် တစ်ခုကနေ နောက် စနစ်တစ်ခုကို ပြောင်းခဲ့ခြင်းသည် လွယ်လွယ်ကူကူဖြင့် ဆောင်ရွက် နိုင်ခဲ့ကြခြင်း မဟုတ်ဘဲ ခက်ခဲသည့် သမိုင်းနောက်ခံများကြားကနေ ချင်း အမျိုးသား အများစု၏ ဘုံသဘော တူညီချက်ဖြင့် သတ်မှတ်ဆောင်ရွက် နိုင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ချင်း အမျိုးသားနေ့သည် ချင်းအမျိုးသား များ၏ ဒီမိုကရေစီနေ့လည်းဖြစ် သည့်အတွက်လည်း များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း။
 
 
ကမ္ပည်းမှတ်တမ်းတင်နိုင်
 
ချင်းအမျိုးသားနေ့ သတ်မှတ် ပေါ်ပေါက်နိုင်ရန်အတွက် ချင်း အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍသည်လည်း များစွာပင် အရေးပါခဲ့သည်ကို သိရှိ ကြမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေး မရမီကာလမှ လွတ်လပ်ရေးရရှိပြီး ချိန်ကာလအထိ မိမိတို့ ချင်းလူမျိုး များတွင် ခေါင်းဆောင်ကြီးများစွာ ရှိခဲ့သည့်အနက် သမိုင်းမှတ်တမ်း များအရ လေးစားစံပြုထိုက်သည့် သမိုင်းဝင်အထင်ကရ ချင်းအမျိုးသားခေါင်းဆောင်ကြီးအချို့ကို ဖော်ပြ လိုပါကြောင်း၊ ဗြိတိသျှနယ်ချဲ့ တော်လှန်ရေးတွင် ဦးဆောင်ဆင်နွှဲ ခဲ့ကြသည့် ဗိုလ်ကြွမ်ဘိခ့်နှင့် ဗိုလ်ခိုင်ကမ်း၊ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည့် ချင်း အမျိုးသား ကိုယ်စားလှယ်များဖြစ် သော ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ် နှင့် ဦးကီယိုမန်း၊ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန် ညီလာခံ၌ တောင်တန်းသားများ ကိုယ်စား မြန်မာနိုင်ငံ လွတ်လပ်ရေး အဆိုကို တင်သွင်းခဲ့သည့်အပြင် ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော ပြည်လုံးကျွတ် (ဖဆပလ) ညီလာခံ ကြီးတွင် အဖွဲ့ချုပ်ကိုယ်စား တောင်တန်း ပြည်မ လွတ်လပ်ရေး တစ်ချိန်တည်းပေးရန် တောင်းဆိုခဲ့ ပြီး လွတ်လပ်ရေးတိုက်ပွဲများတွင် ရှေ့တန်းမှပါဝင်ခဲ့သော သတိုး မဟာသရေစည်သူ၊ လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်) ဦးဝမ္မ သူးမောင်နှင့် နိုင်ငံ့တာဝန်များကို သက်စွန့်ဆံဖျား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သဖြင့် နိုင်ငံတော်၏ အမြင့်ဆုံး စွမ်းရည်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်ခြင်း ခံရသော ဗိုလ်ကြီး သူရအောင်ဆန်း သူရိယတိုက်ချွန်းတို့သည် ယနေ့တိုင် ချင်းအမျိုးသားအားလုံး၏ နှလုံးသား တွင် ကမ္ပည်းမှတ်တမ်းတင်နိုင်ခဲ့ကြပါကြောင်း။
 
 
အားကျဖွယ်ဖြစ်
 
ထို့ပြင် နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍ အသီးသီးတွင် တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြ သည့်အတွက် နိုင်ငံတော်အစိုးရက ချီးမြှင့်အပ်နှင်းခြင်းခံရသည့် မဟာ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီရိ ပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့တို့နှင့် တပ်မတော်စွမ်းဆောင်ရည်ဘွဲ့များ ဖြစ်သည့် သီဟသူရဘွဲ့၊ သူရဘွဲ့ ရရှိခဲ့ကြသူများလည်း အမြောက် အမြားပင်ရှိခဲ့သည့်အတွက် ချင်း အမျိုးသားများအတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်၊ အားကျဖွယ်ဖြစ်ရ ပါကြောင်း၊ ထို့ကြောင့် နောင် အနာဂတ်တွင် မိမိတို့ ချင်းအမျိုးသား များထဲကနေ ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများကို ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်း များ ပေါ်ထွန်းလာရန်နှင့် အမိမြန်မာ နိုင်ငံတော်အတွက် သားကောင်း ရတနာများ ပေါ်ထွန်းလာရန်အတွက် ချင်းအမျိုးသားအားလုံးက သတိ တရားနှင့် ကြိုးပမ်းဆောင်ရွက် ကြရန်လည်း တိုက်တွန်းလိုပါ ကြောင်း။
 
 
ခေတ်ပညာတတ်ရေး
 
ချင်းအမျိုးသားများ၏ နယ်ချဲ့ တော်လှန်ရေးသမိုင်းစဉ်ကို ပြန်လည် သုံးသပ်ပါကလည်း ဦးဝမ္မသူးမောင် ကဲ့သို့သော ခေတ်ပညာ အခြေခံရှိ သော လူငယ်များ ဦးဆောင်လာသည့် နောက်ပိုင်းတွင် အရေးပါ အရာ ရောက်သော တော်လှန်ရေးအဖြစ် ပီပြင်လာကြောင်း တွေ့ရှိရပါကြောင်း၊ နယ်ချဲ့အုပ်ချုပ်မှု အတန်ကြာလာ သည်နှင့်အမျှ ခေတ်ပညာ အတော် အသင့်ရှိသော လူငယ်အချို့သည် လည်း ဗြိတိသျှအစိုးရ အမှုထမ်း များ ဖြစ်လာကြပါကြောင်း၊ ဗြိတိသျှ စစ်တပ်သည် အနယ်နယ်အရပ်ရပ်မှ ချင်းအမျိုးသား ညီအစ်ကိုများ၏ ဆုံစည်းရပ်သဖွယ် ဖြစ်လာပါ ကြောင်း၊ ခေတ်ပညာတတ်ရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း သိရှိလာကြသဖြင့် မကြာခဏညှိနှိုင်း မှုများ ပြုလုပ်ခဲ့ကြကြောင်းကိုလည်း လေ့လာသိရှိရသည့်အတွက် ယနေ့ မိမိတို့ ချင်းလူမျိုးများအတွက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးသည် အင်မတန် အရေးကြီးကြောင်းကို သင်ခန်းစာရယူစေလိုပါကြောင်း။
 
 
နိဂုံးချုပ်အနေဖြင့် ချင်းအမျိုး သားနေ့အခမ်းအနားများ ကျင်းပ ပြုလုပ်ခွင့်ပေးပြီး ရန်ပုံငွေများ ထောက်ပံ့ပေးရုံသာမက ချင်း ပြည်နယ်တွင်ဖြစ်စေ၊ အနယ်နယ် အရပ်ရပ်တွင်ဖြစ်စေ ကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးကြပါသော နိုင်ငံတော် အကြီးအကဲများကိုလည်း ချင်းအမျိုးသားထုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ချင်းလူမှု ရေးအသင်း၊ နေပြည်တော်အနေဖြင့် လည်း ချင်းအမျိုးသားနေ့ အခမ်း အနားကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဦးဆောင်ပေးကြသည့် အတွက် များစွာပင် ကျေးဇူးအထူးတင်ရှိပါ ကြောင်း။
 
 
လက်တွဲကြိုးပမ်း
 
နိုင်ငံတော်သမ္မတကြီးက ပေးပို့ သည့် သဝဏ်လွှာတွင် “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများ ကြုံတွေ့ရသော်လည်း နိုင်ငံတော်အစိုးရနှင့်အတူ ချင်း တိုင်းရင်းသားများ အပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး၏ စုစည်းညီညွတ်မှု အင်အားဖြင့် ကျော်လွှားနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားပါသည်”ဟု ဖော်ပြထားသည့်အတိုင်း နိုင်ငံတော် အစိုးရ၏ ယုံကြည်ချက်များအတိုင်း မိမိအပါအဝင် ချင်းအမျိုးသား အားလုံးကလည်း အခြားတိုင်းရင်း သား မိဘညီအစ်ကိုမောင်နှမများ နှင့်အတူ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် အတူတကွ လက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု သန္နိဋ္ဌာန်ပြုပါကြောင်း ပြောကြား သည်။
 
 
ယင်းနောက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက ထောက်ပံ့သည့် ထောက်ပံ့ငွေကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ချင်းလူမှုရေး အသင်း(နေပြည်တော်)ဥက္ကဋ္ဌ ဦးဝင်း စိုးဦးထံ ပေးအပ်သည်။
 
 
ဖျော်ဖြေတင်ဆက်
 
ထို့နောက် ချင်းတိုင်းရင်းသား တိုင်းရင်းသူ တေးသံရှင်များက ချင်း ပြည်နယ်အကြောင်း ရေးဖွဲ့ထားသည့် ကျေးလက်တောတန်း၊ Cung Van Sang ၊ တောင်ဇလပ်အိမ်ပြန်ချိန်၊ Dawtnak Le Deihnak ၊ ချင်းပြည် အလှ စသည့်တေးသီချင်းများဖြင့် လည်းကောင်း၊ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ဝါးညှပ် အက၊ ကြယ်အက စသည့်ချင်းရိုးရာ အကများဖြင့် လည်းကောင်း ကပြ သီဆို ဖျော်ဖြေတင်ဆက်ကြသည်။
 
 
မှတ်တမ်းတင် ဓာတ်ပုံရိုက်
 
ယင်းနောက် ဒုတိယသမ္မတ သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များ၊ ချင်းလူမှုရေးအသင်း (နေပြည်တော်)မှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
 
 
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် “ချင်းတောင်တန်းမှ ကြိုဆိုလျက်” တေးသီချင်းကို အတူတကွသီဆိုပြီး စုပေါင်းဝိုင်းဖွဲ့ကကြကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
 
 
သတင်းစဉ်