
ကျောက်ဖြူ မေ ၂၀
ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့် အဖွဲ့ဝင်များ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံကာ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးသည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ဗိုလ်မှူး ချုပ် ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ သွားရောက် ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာကြက် ပျက်စီးသွားသည့် သဇင်ဆောင်အဆောက်အအုံ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် အဖွဲ့ဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က သဘာဝဘေးကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကျရောက်ပြီး နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေး တင်ပြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက ကျောက်ဖြူမြို့နှင့် ရခိုင်ပြည်နယ်ရှိမြို့နယ် အချို့တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင် သည့်အခါတွင်လည်း ဒေသခံများ၊ ပြည်သူများ၊ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းကူညီဆောင်ရွက် ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် အဖွဲ့ဝင်များသည် ကျောက်တစ်လုံး IDP စခန်း ကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် သွားရောက်တွေ့ဆုံ ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)