
ရန်ကုန် စက်တင်ဘာ ၂၄
၂၀၂၂ ခုနှစ် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က ပြိုင်ပွဲ ကျင်းပရခြင်း ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ မြန်မာ နိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာ၀န် ရှိသူများက ပြိုင်ပွဲ၀င်အုပ်ချုပ်၊ နည်းပြများနှင့် အားကာစားသမားများအား လိုက်လံနှုတ်ဆက်ကြ ပြီး ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်။
“ဒီပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ကျင်းပတာပါ။ မိုးရာသီဖလားပွဲ တင်မဟုတ်ပါဘူး။
နှစ်စဉ်အလိုက်ပြက္ခဒိန်နဲ့ ပြိုင်ပွဲ ကျင်းပရတဲ့အစီအစဉ်ကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ကဦးဆောင်ပြီး ကျင်းပရတဲ့အစီအစဉ်တွေလည်းရှိပါတယ်။ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်က လေးပေါက်၊ ခြောက်ပေါက်၊ ရှစ်ပေါက်၊ ဆယ်ပေါက် တံခွန်စိုက်ပြိုင်ပွဲတွေကို ကျင်းပပေးပါတယ်။ ဒီနေ့ ပြိုင်ပွဲမှာ လေးပေါက်၊ ခြောက်ပေါက်၊ တံခွန်စိုက်၊ ဆယ်ပေါက်တန်း ဆိုပြီးတော့ စီစဉ်ထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် မိန်းကလေး အားကစား သမားလေးတွေက လာမယ့် ၂၀၂၃ ဆီးဂိမ်းမှာ ဝင်ပြိုင်ဖို့ စခန်းသွင်းထားတဲ့အတွက် လေးပေါက် တန်းမပါတော့ပါဘူး။ ခုတော့ ခြောက်ပေါက်ရယ်၊ ဆယ်ပေါက်ရယ်ကို ကျင်းပပေးတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲကို အားကစားအသင်း ၁၈ သင်း မှ ကစားသမား ၁၈၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာ ၂၆ ရက်ထိ ကျင်းပသွားမည်ဖြစ် သည်။
အာကာစိုး