
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ
=====================================================
ရသင့်ရထိုက်သည့် အခွန်အကောက်များ တိုးတက်ကောက်ခံရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်
=================================================
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးဟန်ဝင်းသိန်းက အစီရင်ခံစာ စာမျက်နှာ ၁၉ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သုံးသပ်ချက် အရ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်းနှင့် တည်ဆဲဥပဒေ များအပေါ် လိုက်နာမှုအားနည်းခြင်းတို့ကြောင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာ နေမှုကို ထောက်ပြထားပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် ငွေများပြည့်ဝစွာရရှိရေးနှင့် စာချုပ်ပါစည်းကမ်းချက်များ လိုက်နာစေရေးတို့ အတွက် ဌာန၊ တာဝန်ရှိသူများမှ ကြီးကြပ်သင့်သည်ဟု သုံးသပ်ထားသည်ကိုလည်း တွေ့ရပါကြောင်း။
ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့နိုင်ငံသည် ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစီမံကိန်း စနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခဲ့သော်လည်း ဌာနယန္တရားများက လက်ခံနိုင်မှုမရှိသည့် ပြဿနာများဖြစ်ပါကြောင်း၊ ထို့ပြင် ဒီမိုကရေစီ လူ့အဖွဲ့ အစည်းနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲသည့်အခါ တာဝန်ယူ လုပ်ကိုင်ခွင့်ရသည့် ပုဂ္ဂိုလ်များက ဘောင်ကျော်ပြုလုပ်ခြင်း၊ အလုပ်ဆိုင်ရာ ပျက်ကွက်ခြင်းနှင့် အချိန်ဆွဲခြင်းတို့ကြောင့် စီမံခန့်ခွဲရေးဥပဒေနှင့် စီမံခန့်ခွဲရေး တရားရုံးကို ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်
နိုင်ငံအတွက် အရေးပါသည့်လုပ်ငန်းဖြစ်
မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေးက မိမိတို့နိုင်ငံသည် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကြီးမားနေသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်သူများ လျှပ်စစ် စွမ်းအင်ပြည့်ဝစွာ အသုံးပြုနိုင်ရေး ပြည်ပချေးငွေများကိုသုံးစွဲပြီး နည်းလမ်း ပေါင်းစုံအသုံးပြုကာ ကြိုးစားဆောင်ရွက်နေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ ရေမြေတောတောင် သဘာဝသယံဇာတအရင်းအမြစ်များကို ရင်းနှီး မြှုပ်နှံမှုတစ်ရပ်အဖြစ် စီမံကိန်းစတင်ကတည်းက ထည့်သွင်းစဉ်းစားသင့်သည်ကို အကြံပြုလိုပါကြောင်း၊ ထို့ပြင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွက် အရေးပါသည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စနစ်တကျအလေးထား ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။
မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး (ခေါ်) ဦးအုန်းခင်က အစီရင်ခံစာပါ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ချက်များကို လေ့လာသိရှိပြီးသည့်အခါတွင် မူဝါဒ၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေများ ရှိပါသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် တိတိကျကျလိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းမတွေ့ရပါကြောင်း၊ မူနှင့် လူတွင် လူအားနည်းချက်များရှိသည်ကို တွေ့ရမြင်နေရပါကြောင်း၊ ထို့ကြောင့် ဆင်းရဲမွဲတေမှုမှ ရုန်းထပြီး နိုင်ငံတော်နှင့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်နေသည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ယခုထက်ပိုမို ရိုးသား ကြိုးစား ဆောင်ရွက်စေလိုပါကြောင်း အကြံပြုဆွေးနွေးသည်။
အဆိုပါအစီရင်ခံစာ ဒုတိယတွဲ( ၁/၂၀၂၀)နှင့်စပ်လျဉ်း၍ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၊ ဗဟန်းမဲဆန္ဒနယ်မှ ဦးထွန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်နှင့် ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံ ဘူမိသိပ္ပံ ကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေး လိုသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို ဖော်ပြလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဒုတိယ ခြောက်လပတ် အခွန်ရငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေများနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက လွှတ်တော်သို့ရှင်းလင်းတင်ပြရာ တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ်အတွက် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဇယား (၁)အရ ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ယူကောက်ခံရမည့် အခွန်အကောက် ၂၂ မျိုးမှ ကောက်ခံရန်ပြုပြင်ပြီး ခန့်မှန်းခြေလျာထားချက်မှာ ငွေကျပ် ၃၉၁၂ ဒသမ ၂၆၇ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှုမှာ ငွေကျပ် ၄၃၁၇ ဒသမ ၅၅၂ ဘီလီယံဖြစ်ပါသဖြင့် လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေ အနေမှာ ၁၁၁ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
ဒုတိယခြောက်လပတ်အတွင်း အခွန်အကောက် ၂၂ မျိုးတွင် လျာထားချက် ပြည့်မီ ကျော်လွန်အောင်ကောက်ခံနိုင်ခဲ့သည့် အခွန် ၁၃ မျိုးရှိပြီး လျာထား ချက်အောက် လျော့နည်းကောက်ခံရရှိသည့် အခွန် ရှစ်မျိုးရှိပါကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေတွင် လျာထားချက်ပါဝင်သော်လည်း ဒုတိယ ခြောက်လပတ်အတွင်း လျာထားချက်မရှိ၊ ကောက်ခံရရှိခြင်းမရှိသည့် အခွန် တစ်မျိုး ရှိပါကြောင်း။
ထို့ပြင် အခွန် ၂၂ မျိုးကို ပြည်ထောင်စုဝန်ကြီးဌာန ကိုးခုနှင့် နေပြည်တော် ကောင်စီတို့မှ ကောက်ခံခဲ့ပြီး (ယခင်) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ယခု) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ယူကောက်ခံသည့် အခွန် ခြောက်မျိုးအတွက် အခွန်ကောက်ခံရန် လျာထားချက်ငွေကျပ် ၃၃၀၀ ဒသမ ၄၇၈ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၃၇၅၁ ဒသမ ၉၅၉ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ၁၁၃ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အခွန် အကောက်ရရှိမှုအပေါ် ပါဝင်မှုအချိုးအနေဖြင့် ၈၄ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်ပါ ကြောင်း၊ အခြားပြည်ထောင်စုဝန်ကြီးဌာန ရှစ်ခုနှင့် နေပြည်တော်ကောင်စီက တာဝန်ယူကောက်ခံသော အခွန် ၁၆ မျိုးအတွက် လျာထားချက် ငွေကျပ် ၆၁၁ ဒသမ ၇၈၉ ဘီလီယံ၊ ကောက်ခံရရှိမှု ငွေကျပ် ၅၆၅ ဒသမ ၅၉၃ ဘီလီယံ၊ အကောင်အထည်ဖော်နိုင်မှု ၉၂ ဒသမ ၄၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည် ခုနစ်ရာခိုင်နှုန်း ကျော်သာရှိသဖြင့် နိမ့်ကျနေဆဲဖြစ်ရာ ရသင့်ရထိုက်သည့် အခွန်အကောက်များ တိုးတက်ကောက်ခံရရှိရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ သို့ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) ပြည်ထောင်စုမှ ကောက်ခံသည့် အခွန်အကောက်များ ကောက်ခံရန်လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေ များကို သိရှိနိုင်ပါရန်နှင့် အစီရင်ခံစာအပေါ် သုံးသပ်ဆွေးနွေး၍ အတည်ပြုပေး နိုင်ပါရန် တင်ပြပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က အဆိုပါအခွန်ရငွေများနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၀) ကို ဖတ်ကြားတင်ပြရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားနှင့် ကုန်သွယ်လုပ်ငန်းခွန်သည် အခွန် အခြေ အကျယ်ပြန့်ဆုံးဖြစ်ပြီး တိုးတက်ကောက်ခံနိုင်မည့် အလားအလာ အကောင်းဆုံးဖြစ်ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းများတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာနိုင်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ထို့ကြောင့် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် အခွန်အကောက်များ တိုးတက် ကောက်ခံရရှိနိုင်စေရေးဆောင်ရွက်ရာတွင် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံ ခြင်းထက် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရသင့်ရထိုက်သော အခွန်များ တိုးတက်ကောက်ခံရရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ အခွန်အခြေ ချဲ့ထွင်ခြင်းဖြင့် အခွန်ကောက်ခံမှုဧရိယာ တိုးချဲ့ဆောင်ရွက်ရန်၊ အခွန်တံဆိပ် ကပ်နှိပ်၍ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းကို ဖြစ်နိုင်သမျှ တိုးချဲ့ဆောင်ရွက် သွားရန်၊ လိုက်နာမှုအားကောင်းစေရေးအတွက် ပညာပေးလုပ်ငန်းများကို ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်သွားရန်နှင့် Social Media များဖြင့်ပါ ပညာပေးနိုင်ရေး ဆောင်ရွက်သွားရန် သဘောထားမှတ်ချက်ပြုအပ်ပါကြောင်း။
ထို့ပြင် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်အရ အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ရာ ၎င်းအဖွဲ့များအနေဖြင့် ရသင့်ရထိုက်သော အခွန်အကောက်များ ပြည့်ဝစွာ ကောက်ခံရရှိရေးအတွက် လက်တွေ့ကျကျကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ ပြည့်ဝ စွာရရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သည့်နည်းတူ တစ်ဖက်တွင်လည်း အခွန်ထမ်းပြည်သူများအတွက် အခွန်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုမဖြစ်စေဘဲ ဖြည့်ဆည်းပေးခြင်း၊ အခွန်ဆိုင်ရာပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် လိုအပ်သည်ကို သဘောထားမှတ်ချက် ပြုအပ်ပါကြောင်း။
ဘုံအကျိုးစီးပွားအတွက် အကောက်ခွန် အပြန်အလှန်
လျှော့ချရေးအစီအစဉ်သည် နှစ်ဦးနှစ်ဖက်
မျှတသော ကုန်သွယ်မှုဖြစ်စေ
ဘုံအကျိုးစီးပွားအတွက် အကောက်ခွန် အပြန်အလှန်လျှော့ချရေးအစီအစဉ် (CEPT)သည် နှစ်ဦးနှစ်ဖက် မျှတသော ကုန်သွယ်မှုဖြစ်စေရေးနှင့် အကျိုးကျေးဇူး မျှတစွာရရှိခံစားနိုင်ရေးကိုရည်ရွယ်ပြီး သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက် ကြခြင်းဖြစ်ပါကြောင်း၊ ရှင်းလင်းတင်ပြချက်များအရ မြန်မာနိုင်ငံသည် တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများနှင့် CEPT သဘောတူစာချုပ်လက်မှတ်ရေးထိုး ချုပ်ဆိုထားပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လျော့နှုန်းခံစားခွင့်ပြုခဲ့ရသည့် အကောက်ခွန်ပမာဏမှာ ငွေကျပ် ၄၀၁ ဒသမ ၁၉၃ ဘီလီယံရှိသည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် ၎င်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် နှစ်ဦးနှစ်ဖက်မျှတသော ကုန်သွယ်မှုဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း အပြန်အလှန်တင်ပို့ ရောင်းချသွားနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပို့ကုန်အမျိုးအစားနှင့် ပို့ကုန် ပမာဏတိုးချဲ့တင်ပို့နိုင်ရေး၊ တရားဝင်တင်ပို့မှုဖြစ်စေရေးနှင့် တင်ပို့ရောင်းချသူ များအတွက် CEPT အခွင့်အရေး အပြည့်အဝရရှိနိုင်စေရေးဆောင်ရွက်သွားရန် လိုအပ်ပြီး သက်ဆိုင်သောဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်း ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောထားမှတ်ချက်ပြုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစီရင်ခံစာအမှတ်စဉ် (၂/၂၀၂၀) ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ (က)၊ (ခ)၊ (ဂ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါကြောင်းနှင့် အစီရင်ခံစာအား ဆွေးနွေး စဉ်းစားပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး နဝမနေ့ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)
ဓာတ်ပုံ - စိုးဝင်းထွန်း