
သိန်းညွန့်(PZL)
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ဇီဝအဝန်းနယ်မြေအဖြစ် အသိအမှတ်ပြု ထားပြီးဖြစ်သည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ၏ အုပ်ချုပ် မှုလုပ်ငန်းစီမံချက် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၃-၂၀၂၄ အထိ ငါးနှစ်တာကာလအတွင်း ဒရယ်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းကို မျိုးစိတ်ခေါင်းစဉ်တစ်ခုအနေဖြင့် ထည့်သွင်း၍ အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ ရဲ့ တခြားဘေးမဲ့တောတွေနဲ့မတူတဲ့ ထူးခြားချက်က ရေချိုကန်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံး ရေချိုကန်ပေါ့။ ရေဝေရေလဲတွေ ပတ် လည်ရှိသလို သစ်တောတွေ၊ မြက်ခင်း တွေပေါတဲ့အတွက် ဒရယ်တွေကျက်စား ကြတယ်။ ၁၉၉၉ ခုနှစ်လောက်က ဘေးမဲ့ တောစတင်တည်ထောင်စဉ် ပထမဆုံး ကွင်းဆင်းကတည်းက ဒရယ်နဲ့ပတ်သက် တဲ့ အချက်အလက်တွေ ရရှိထားလို့ ဒရယ်ရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။ ကျွန်တော်တို့က ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ဘေးမဲ့တောဧရိယာထဲ နို့တိုက်သတ္တဝါ တွေ လေ့လာမှတ်တမ်းတင်ဖို့အတွက် ကင်မရာထောင်ချောက် တပ်ထားတော့ ဓာတ်ပုံမှတ်တမ်းရလိုက်တယ်။ အင်း တော်ကြီးကန်အစပ် ကိုင်းတောနဲ့ တော ပျက်အစပ် နားလေးမှာရလိုက်တာပါ။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(FFI) ကလည်း ၂၀၂၁ ခုနှစ်က ဒရယ် ရှိနိုင်မယ့်နေရာတွေမှာ ကင်မရာထောင် ချောက်တပ်ထားတော့ ဒရယ်ဓာတ်ပုံ မှတ်တမ်းထပ်ရခဲ့တယ်။ ဒါကြောင့် ဒီဒေသမှာ ဒရယ်ရှိတယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြနိုင်တာ ဖြစ်ပါ တယ်။ အင်းတော်ကြီးဒေသမှာ ဒရယ် အတော်များများ ကျန်ရှိနေသေးပါတယ်။ သူတို့ကို ဦးစားပေးထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” ဟု အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဦးမောင်ဝင်းက ရှင်းလင်း ပြောကြားသည်။
ကမ္ဘာပေါ်တွင် ဒရယ်မျိုးစိတ် စုစု ပေါင်း ၄၃ မျိုးရှိပြီး မြန်မာနိုင်ငံတွင် ဒရယ်မျိုးစိတ် ရှစ်မျိုးရှိသည်။ အင်္ဂလိပ် အမည်(Indian hog deer) ၊ သိပ္ပံအမည် (Axis porcinus)ဟု ခေါ်သည့် ဒရယ် သည် မျိုးစဉ် (Artiodactyal) ၊ မျိုးရင်း (Cervidae) အုပ်စုဖြစ်သည်။ ၎င်းမျိုးရင်း ၌ ပါဝင်သည့် တောရိုင်းတိရစ္ဆာန်များမှာ ချေ၊ ဆတ်၊ သမင်(ရွှေသမင်)၊ ဒရယ်တို့ ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံရှိ အရွယ်ကြီး နို့တိုက်သတ္တဝါများအား လေ့လာသုတေသနပြုနေသူ ပညာရှင် အချို့၏ ရေးသားဖော်ပြထားချက်အရ သိရသည်။
“သစ်တောရေးရာ ဝန်ကြီးဌာနက ၁၉၉၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၈၃/၉၄) ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မျိုးသုဉ်းမယ့်အန္တရာယ်က ကာကွယ်ရမယ့် တောရိုင်းတိရစ္ဆာန်များ စာရင်းမှာ ဒရယ်ကို ရာသီအလိုက် ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန် များ(ဇွန်လ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ) စာရင်းမှာ ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ် ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ်(၆၉၀/၂၀၂၀)အရ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မျိုးဆက်ပျက်သုဉ်းမယ့် အန္တရာယ်ရှိနေလို့ ကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန်များ စာရင်းမှာ ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၂၆ နှစ်တာကာလအတွင်း သာမန်ကာကွယ် ထားတဲ့ တောရိုင်းတိရစ္ဆာန်စာရင်းကို အဆင့်တစ်ဆင့် ခုန်ကျော်သတ်မှတ်ခြင်း ဖြစ်လို့ မြန်မာနိုင်ငံမှာ ဒရယ်မျိုးစိတ် တွေ ဘယ်လောက်လျော့နည်းသွားတယ် ဆိုတာကို ခန့်မှန်းနိုင်ပါတယ်” ဟု ဦးမောင်ဝင်းက ဆက်လက်ပြောကြား သည်။
ဒရယ်မျိုးစိတ်များကို ယခင်က တောင်အာရှနိုင်ငံများတွင် အများအပြား တွေ့ရှိခဲ့ရသော်လည်း လက်ရှိကာလတွင် ရှားပါးသည့် မျိုးစိတ်တစ်ခုဖြစ်လာ ကြောင်း၊ မြန်မာနိုင်ငံတွင် ဟူးကောင်း ချိုင့်ဝှမ်း ကျားထိန်းသိမ်းရေးနယ်မြေ၊ ကချင်ပြည်နယ် ပိတောင်ဘေးမဲ့တောနှင့် အင်းတော်ကြီး ဘေးမဲ့တောတို့တွင် တွေ့ရှိနိုင်ကြောင်း လေ့လာသိရှိရသည်။
ဒေသခံများသာမက မြန်မာနိုင်ငံသူ နိုင်ငံသားများပါ ဒရယ်အပါအဝင် တောရိုင်းတိရစ္ဆာန်များကို အမျိုးသားရေး ဂုဏ်ယူစရာတစ်ရပ်အနေဖြင့် ထိန်းသိမ်း စောင့်ရှောက်ခြင်းမပြုဘဲ လွန်ကဲစွာ အမဲ လိုက် သတ်ဖြတ်ခြင်း၊ စားသုံးခြင်းနှင့် စားသုံးရန်အားပေးခြင်းတို့က မြန်မာ့ တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းမည့် အခြေအနေသို့ ဆိုက်ရောက်စေကြောင်း၊ မျက်မှောက်ပစ္စက္ခကာလတွင် ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် အရေအတွက် နည်းပါးစွာ (တိကျစွာ စာရင်းကောက်ယူ မှု မပြုနိုင်သေးသဖြင့်) ကျန်ရှိနေသေး သော ဒရယ်မျိုးစိတ်များကို အချိန်မီ စနစ်တကျ မထိန်းသိမ်းနိုင်ပါက မကြာ မတင်သောကာလတွင် မြန်မာနိုင်ငံမှ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ကြောင်း သစ်တောဦးစီးဌာန သဘာဝပတ်ဝန်း ကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာန အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေရာဒေသအချို့၌သာ ကျန်ရှိသော ဒရယ်မျိုးစိတ်များ ကျင်လည်ကျက်စား ရာနေရာနှင့် ရေရှည်ရှင်သန်ရပ်တည်မှုတို့ အတွက် ခြိမ်းခြောက်မှုအန္တရာယ် အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ အဆိုပါဒရယ်မျိုးစိတ်များ မြန်မာ့မြေပေါ် မှ မျိုးသုဉ်းပျောက်ကွယ်သွားခြင်း မရှိစေ ရန် ဒေသနေပြည်သူများနှင့် တောရိုင်းတိရစ္ဆာန်ချစ်မြတ်နိုးသူများက ဝိုင်းဝန်း ကာကွယ်ပေးကြရမည် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများဘက်က လည်း တာဝန်ယူထိန်းသိမ်းစောင့်ရှောက် သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက် ရပါသည်။ ။
- Log in to post comments