
နေပြည်တော် မတ် ၂၂
မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးကော်မတီ (စတုတ္ထ အကြိမ်) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးများစွာ စုစည်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ ဒေသ အသီးသီးမှ တိုင်းရင်းသားညီအစ်ကို များ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ရာထောင်မကသည့် ကာလများစွာကပင် ပေါကြွယ်စွာ တည်ရှိခဲ့ပါကြောင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုဆိုသည်မှာ ဘာသာ စကား၊ နှုတ်ပြောအစဉ်အလာ ဖော်ပြချက်များ၊ ဖျော်ဖြေ တင်ဆက်မှုအနုပညာများ၊ လူမှု ထုံးတမ်း အစဉ်အလာများ၊ ပွဲလမ်း သဘင်များ၊ စကြဝဠာတို့နှင့် သက်ဆိုင်သည့် အသိပညာနှင့် ထုံးစံများ၊ ရိုးရာလက်မှုပညာများ အစရှိသဖြင့် ပါဝင်ကြပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့ ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ကာကွယ်စောင့်ရှောက် ရန်၊ အလေးထားတန်ဖိုးထား ရန်၊ ထိန်းသိမ်းမြှင့်တင် အားပေး ရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ယူနက်စကို၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ် စာချုပ်ကို ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ မြန်မာ တိုင်းရင်းသားများသည် လွန်ခဲ့ သောနှစ်ပေါင်း ထောင်ကျော် သမိုင်းတင်ခေတ်မှစ၍ ယနေ့ အထိတိုင်အောင် ကိုယ်ပိုင်အက္ခရာ စာပေအရေးအသား၊ ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေး မှုဓလေ့ထုံးစံများကို ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြပါကြောင်း၊ ထိုသို့ နှစ်ကာလ ရာထောင်ကျော် ကြာမြင့်နေပြီဖြစ်သည့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ မှေးမှိန်ပျောက်ကွယ် မသွားစေ ရန်နှင့် ရေရှည်တည်တံ့စေရန် နိုင်ငံသားတိုင်း တာဝန်သိစိတ်ဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ကြရန် လိုအပ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ဒေသအသီးသီးတွင် ရှိသည့် တစ်မူထူးခြားသည့် ဒြပ်မဲ့အမွေ အနှစ်များကို ရေရှည်တည်တံ့စေ ရန် ထိန်းသိမ်းစောင့်ရှောက်ရာ တွင် အသွင်အပြင် လက္ခဏာ၊ မှတ်တမ်းမှတ်ရာများ စာရင်းပြုစု ခြင်း၊ သုတေသနပြုစုခြင်း၊ စနစ် တကျ စုဆောင်းမှတ်တမ်းပြုစု ခြင်း၊ ကမ္ဘာကသိရှိအောင် စာရင်း များထုတ်ပြန်ခြင်း၊ ကာကွယ် ထိန်းသိမ်းမှုများ ဆောင်ရွက် ခြင်း၊ ပျောက်ကွယ်ဆုံးရှုံးသွားခြင်း မရှိအောင် ထိန်းသိမ်းမြှင့်တင်ပေး ခြင်း၊ ထောက်ပံ့ကူညီပေးခြင်း၊ မျိုးဆက်သစ်များသို့ လက်ဆင့် ကမ်းနိုင်ရန် ပံ့ပိုးကူညီခြင်း စသည် တို့ကို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင် ရန် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဌာနများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ NGO များ၊ ဝါသနာရှင်များနှင့် ပြည်သူလူထုကပါ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း။
တန်ဖိုး မဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များကို ခေတ်အဆက်ဆက် သမိုင်းပညာ ရှင်များ၊ စာပေပညာရှင်များ၊ သုတေသီများ၊ အုပ်ချုပ်သူများနှင့် ပြည်သူများက သူ့ခေတ်သူ့အခါ၊ သူ့နည်းသူ့ဟန်နှင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကိုတွေ့မြင် နိုင်ပါကြောင်း၊ မကြာမီရောက်ရှိ လာတော့မည့် နှစ်သစ်ကူးသင်္ကြန် ပွဲတော်ကိုလည်း မြန်မာနိုင်ငံအနှံ့ အပြားရှိ တိုင်းရင်းသားဒေသများ တွင် မိမိတို့ဒေသအလိုက် ကျင်းပ လာခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ရေသဘင်ပွဲ ဆင်နွှဲရုံတစ်ခုတည်း မဟုတ်ဘဲ ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှု၊ လူမှုရေး အစဉ်အလာဓလေ့များ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ ဖျော်ဖြေ တင်ဆက်မှုများ၊ ရိုးရာဓလေ့များ၊ သဘာဝစကြဝဠာဆိုင်ရာ ဗဟု သုတစသည့် ဒြပ်မဲ့ယဉ်ကျေးမှု နယ်ပယ် (၅)ရပ်လုံး ပါဝင်နေသည့် အလွန်လေးနက် အနှစ်သာရရှိ သည့် ပွဲတော်ဖြစ်ပါကြောင်း၊ အတာရေပက်ဖျန်းသည့် သင်္ကြန် ပွဲတော်မျိုးကို အိမ်နီးချင်းနိုင်ငံ များ အထူးသဖြင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်၊ မြန်မာနိုင်ငံ၊ လာအို နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှာပါ ပြုလုပ် ကြပါကြောင်း၊ ဒေသအတွင်း နိုင်ငံများ၏ ယဉ်ကျေးမှုပျံ့နှံ့မှု၊ ကူးလူးဆက်ဆံမှု၊ နှစ်ပေါင်း ရာထောင်ချီသည့် ကာလမှစပြီး ယနေ့တိုင် ဒေသတွင်းနိုင်ငံများ တွင် ရှင်သန်နေဆဲဖြစ်သည့် အတွက် လန်ချန်း-မဲခေါင်ဒေသ တွင်း နိုင်ငံများအားလုံးနှင့် သက်ဆိုင်သည့် ရှင်သန်နေဆဲ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဟုလည်းဆိုနိုင်ကြောင်း၊ အမျိုး သား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသ ကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ ကလည်း ယခုနှစ် မဟာသင်္ကြန်၏ ရိုးရာမပျက် ကျင်းပပုံများကို မှတ်တမ်းတင်နိုင်အောင် ဆောင် ရွက်ခြင်းများနှင့်အတူ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကို ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ကဏ္ဍအလိုက် ဆွေးနွေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်များနှင့် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များ က အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မိမိတို့ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် အမျိုး သား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကိစ္စများ နှင့် ဆောင်ရွက်သင့်သည်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ သည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်