
နေပြည်တော် စက်တင်ဘာ ၁၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလ သင်္ဘောကျင်းနှင့် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းတို့ ထံ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဒလသင်္ဘောကျင်းသို့ ရောက်ရှိ ပြီး ဒလသင်္ဘောကျင်း အစည်းအဝေးခန်းမ၌ ဒလ သင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက ရေယာဉ် များ လွန်းတင်ပြင်ဆင်နေမှု၊ ဒလသင်္ဘောကျင်းရှိ သက်တမ်းကြာမြင့်နေပြီး ဖျက်သိမ်းသင့်သည့် သံရည်ကျိုအလုပ်ရုံ၊ ပန်းပဲအလုပ်ရုံ၊ ကျောက်မီးသွေး ဂိုဒေါင်တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဖျက်သိမ်း ရေးဆောင်ရွက်ထားရှိမှု၊ ဒလသင်္ဘောကျင်း ရှေးဟောင်းအဆောက်အဦ(ဒီဇယ်ရုံ)၏ အမိုးများ ပြင်ဆင်ပြီးစီးမှုနှင့် ဆေးသုတ်ပြုပြင်ထားမှု၊ သင်္ဘော ကျင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ပြုပြင်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဒလသင်္ဘောကျင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ သင်္ဘောကျင်းဝင်းအတွင်း ပတ်လမ်း များ၊ လွန်းလမ်းများ အစဉ်သန့်ရှင်း သပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားရန်၊ ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ထားရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သိမ်ဖြူလမ်းရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ရောက်ရှိပြီး ရေကြောင်းပို့ဆောင်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဌာနရှိ အရာထမ်း/ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် မိမိတို့ ကျင့်သုံးလိုက်နာရသော ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ကိုင်တွယ်ဆောင်ရွက်နိုင် သူများဖြစ်အောင် အစဉ်လေ့လာဆည်းပူးနေကြရန်၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်း ဆောင်ရွက်မှုအပိုင်းတွင် အဆင့်အတန်းအားလုံး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)များ ပုံမှန်ဆောင် ရွက်ကြရန်၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ပတ်သက် ၍ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော SOP များနှင့်အညီ ရုံးဌာနများတွင် လိုက်နာကျင့်သုံး ရေးအဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း သို့ ရောက်ရှိပြီး သင်္ဘောကျင်းစက်ရုံအလုပ်ရုံများ၊ ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှု၊ အသစ်တည် ဆောက်ပြီးစီးသော Liquid Oxygen စက်ရုံ၏ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးမှု၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်္ဘောလွန်းကျင်း စံချိန်စံညွှန်း (Yard Standard) နှင့်အညီ တည်ဆောက်ပြုပြင်ကြရန်နှင့် စီးပွားရေး အရ တွက်ခြေကိုက်သည့် သင်္ဘောကျင်းအဖြစ် ရပ်တည်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ကြောင်း သိရသည်။
သတင်းစဉ်