
ရန်ကုန် သြဂုတ် ၅
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် နှစ်စဉ် သောက်သုံးရေရှားပါးမှုနှင့် တွေ့ကြုံနေရသည့် ဒလမြို့နယ်နေပြည်သူများ ရေပိုမိုသုံးစွဲနိုင်ရေးအတွက် သောက်သုံးရေ ပိုမိုပို့လွှတ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တာကြီးရပ်ကွက် ဒလ-တွံတေး ကားလမ်းဘေး၌လည်း ရေလှောင်ကန်နှင့် ရေတွန်း စက်ရုံတည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ဒလ မြို့နယ် တာကြီးရပ်ကွက် ဒလ-တွံတေး ကားလမ်းဘေး ရန်ကုန် မြို့တော် ရေပေးဝေရေးဇုန် ၁၀ ၌ တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်း၏ ပထမအဆင့် ဘိုးပိုင်တူးခြင်း အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တည်ဆောက်မည့် ရေလှောင်ကန်ကို ရေဂါလန် ၁ ဒသမ ၅ သန်းဆံ့ ရေလှောင်ကန်အဖြစ် တည်ဆောက်မည်ဖြစ်ပြီး သိုလှောင်ရေများကို တွန်းပို့နိုင်ရန် ရေတွန်းစက်ရုံကိုပါ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဒလမြို့နေပြည်သူတစ်ဦးက “ရေလှောင်ကန် တည်ဆောက်နေတာ အားရစရာပါပဲ။ ရေဂါလန် ၁ ဒသမ ၅ သန်း ဆံ့မယ်။ ဒလကို ရေပေးပို့ဖို့ တွံတေးဘုရားကြီးစု ဆိုတဲ့ ရွာမှာလည်း တွံတေးတူးမြောင်းကရေကို သန့်စင်ပြီး ဒလမြို့ကို သောက်သုံးရေ ပို့လွှတ်နိုင်ဖို့ ရေသန့်စင်စက်ရုံစီမံကိန်းရှိတယ်လို့ သိရတယ်။ အဲဒီစက်ရုံတွေ တည်ဆောက်ပြီးသွားရင် အနာဂတ်မှာ ဒလမြို့ဟာ သောက်ရေ၊ သုံးရေ ပူပင်စရာမလို တဲ့ အနေအထား ဖြစ်လာမှာပါ” ဟု ပြောသည်။
မောင်ယဉ်ဦး