
၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေးအတွက် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်များ၊ တာဝန်ခံနှင့် ပြိုင်ပွဲအကဲဖြတ်ဒိုင်များ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ရပါသည်။
ဦးစန်းကို (တိုင်းရင်းသားရေးရာဝန်ကြီး
ကရင်ပြည်နယ်အစိုးရအဖွဲ့)
ကျွန်တော်က ကရင်ပြည်နယ် တာဝန်ခံဖြစ်ပါ တယ်။ ဒီပြိုင်ပွဲက ကျွန်တော်တို့နိုင်ငံရဲ့အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနဲ့ အမျိုးသားရေးစရိုက် လက္ခဏာများကို ဖော်ကျူးတဲ့ပွဲဖြစ်တဲ့အတွက် အခု လို ပြန်လည်ကျင်းပပေးတာ များစွာဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ လည်း အတန်းစုံ၊ နေရာစုံကနေ ပါဝင်ယှဉ်ပြိုင်ထားတဲ့ အကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင် စုစုပေါင်း ၁၀၀ လာရောက်ယှဉ်ပြိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ကရင်ရိုးရာ ဒုံးအကကိုလည်း ဖျော်ဖြေမှာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီလိုမျိုးပြိုင်ပွဲကို ဆက်လက်ကျင်းပပေးပြီး မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ဆောင်ရွက် သွားသင့်တယ်လို့ ပြောလိုပါတယ်။
ဒေါ်သင်းသင်းမြတ်
(အဆိုဒိုင်ချုပ်ဥက္ကဋ္ဌ)
ကျွန်မက အဆိုနဲ့ပတ်သက်တဲ့ ခေတ်ဟောင်း၊ ကာလပေါ်နဲ့ မဟာဂီတအားလုံးကို တာဝန်ယူရပါ တယ်။ အခုလို ဆိုကရေးတီးပွဲ ကျင်းပမယ်ဆိုတော့ အလွန်ဝမ်းသာခဲ့ပါတယ်။ ဝါသနာပါတဲ့ အလုပ်ကို ရပ်ထားရတဲ့အချိန်မှာ စိတ်ထဲမကောင်းပါဘူး။ အခု လို ခွင့်ပြုလိုက်တယ်။ ဒီပွဲကြီးကို ကျင်းပခွင့်ပေးလိုက် တယ်ဆိုတော့ နိုင်ငံတော်ကို အများကြီးကျေးဇူးတင် ပါတယ်။ လူဟောင်းတွေနဲ့လည်း တွေ့ရတော့ စိတ်ချမ်းသာရပါတယ်။ အမှတ်ပေးစနစ်နဲ့ ပတ်သက် လို့ သီဆိုသူရဲ့ပင်ကိုသံ၊ အဆိုပညာ၊ စည်းဝါးတို့ကို အဓိကထား အမှတ်ပေးမှာ ဖြစ်ပါတယ်။
ဦးအောင်ကိန်း
(အတီးဒိုင်ချုပ်ဥက္ကဋ္ဌ)
ကျွန်တော်က အတီးဒိုင်ချုပ်ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ အတီး ၁၃ မျိုးမှာ အကဲဖြတ်မယ့် ဒိုင်တွေကို စီစဉ်ပေးရပါတယ်။ (၂၂) ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲ ပြီးသွားတဲ့အချိန်မှာ ဒိုင်တွေနဲ့ အဆက်အသွယ် ပြတ်သွားပါတယ်။ တချို့ အကဲဖြတ်ဒိုင်တွေက ဆုံးပါးသွားကြတာရယ်၊ ကျန်းမာရေးမကောင်းကြ တာရယ်ဆိုတော့ အစားထိုးမှုတွေ လုပ်ခဲ့ရပါတယ်။ အတီး တူရိယာအားလုံးရဲ့ အဆင့်အလိုက် သီချင်း တွေ သတ်မှတ်ချက်ကို ကျွန်တော်က စီစဉ်ပေးရ ပါတယ်။ အတီးပြိုင်ပွဲတွေ ကျင်းပတဲ့နေရာအားလုံးကို လိုက်လံကြီးကြပ်ဆောင်ရွက်ပေးရပါတယ်။ မြန်မာ့ ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှုကို အကောင်အထည်ဖော် ပြီး ကမ္ဘာမှာ မြန်မာလို့ ထင်ထင်ရှားရှားရပ်တည်နိုင် အောင် သရုပ်မှန်ပုံစံပြ လုပ်ငန်းရပ်ကြီးတစ်ခု ဖြစ်ပါ တယ်။ ကျွန်တော်ပါဝင်ရတဲ့ အခန်းကဏ္ဍမှာ ကျေနပ် အားရပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။
ဦးတင်ဦးလေး
(အဆိုပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်)
ဒီ ဆိုကရေးတီးပြိုင်ပွဲက ငါးနှစ်၊ ခြောက်နှစ် လောက် ကင်းကွာသွားပြီး အခုပြန်လည်ကျင်းပပေး တဲ့အတွက် ဦးစီးပြုလုပ်ပေးတဲ့နိုင်ငံတော်မှ တာဝန်ရှိ လူကြီးများကို အထူးကျေးဇူးတင်တယ်လို့ ပြောချင်ပါ တယ်။ အဆိုဒိုင်တစ်ယောက်အနေနဲ့ မျိုးဆက်သစ် တွေကို ပြောချင်တာကတော့ ပြဋ္ဌာန်းထားတဲ့ သီချင်း တွေကို တစ်ပုဒ်ကောင်း၊ နှစ်ပုဒ်ကောင်း မကျက်ဘဲနဲ့ ပြဋ္ဌာန်းထားတဲ့ အပုဒ်ရေအတိုင်း ပြည့်ပြည့်ဝဝ ကျက်ပေးဖို့ လိုပါတယ်။ သီချင်းတွေကိုလည်း မူရင်းတေးသံရှင်အခွေနဲ့ပဲ လေ့ကျင့်ပေးဖို့ လိုပါ တယ်လို့ ပြောချင်ပါတယ်။
မောင်ခန့်စည်သူ
(ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်)
ဆိုင်းတစ်ဦးချင်းပြိုင်ပွဲမှာ ကုဏ္ဍလာအိုင် (ယိုး ဒယား) သီချင်းနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ သေသေချာချာ လေ့ကျင့်ထားတဲ့အတွက် အောင်မြင်မှုရရှိမယ်လို့ လည်း မျှော်လင့်ပါတယ်။ အခုအကြိမ်နဲ့ဆို ဝင်ရောက် ယှဉ်ပြိုင်တာ သုံးကြိမ်ရှိပါပြီ။ ပတ္တလားတစ်ဦးချင်း ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေကို ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမကျင်းပဖြစ်တာ နှစ်အနည်း ငယ်ကြာပြီဖြစ်ပေမယ့် ဒီနှစ်မှာ ပြန်လည်ကျင်းပ ပေးတဲ့အတွက် လွန်စွာဝမ်းသာပါတယ်။ အခုလိုပြိုင်ပွဲ ကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။
မမေသန်းစိန်
(ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်မက စောင်းအတီးပြိုင်ပွဲမှာ အဆင့်မြင့်ပညာ အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ စောင်း ပညာကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက လေ့လာ သင်ယူခဲ့တာပါ။ ပြိုင်ပွဲကြီး မကျင်းပမီ ငါးလကတည်း က Camp ဝင်ပြီး ကြိုတင်လေ့ကျင့်ခဲ့တဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ရရှိအောင် ကြိုးစားသွားမှာပါ။ အခုလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့ အတွက် စောင်းပညာကိုသင်ကြားနေကြတဲ့သူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့အခါ အတွေ့အကြုံတွေ လည်း ရမှာဖြစ်ပါတယ်။ အခုပြိုင်ပွဲကြီးကို ကျင်းပပေး တဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါ တယ်။
အင်တာဗျူး - ဟိန်းသန့်အောင်
ဓာတ်ပုံ - ကျော်ထိန်အေး