
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၂၁) သို့ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်ကိုတာဝန်ယူခဲ့သည်မှာ တစ်လနီးပါးရှိပြီဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူဆောင်ရွက် ခဲ့ရာတွင် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် ယနေ့ဆိုလျှင် တရားဥပဒေစိုးမိုးရေးအတွက် ထိန်းနိုင်သည့်အနေအထားတွင် ရှိပြီဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသော်လည်း လုပ်စရာရှိသည့်အပိုင်း များကို လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ရေးကိစ္စမှာ ရပ်ထား၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွား ခဲ့သည့်အတွက် လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၂ ဒသမ ၅ သန်းကျော် သေဆုံးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လည်း ၁ ဒသမ ၄ သိန်းကျော် ကူးစက်ခံခဲ့ရပြီး လူဦးရေ ၃၂၀၀ နီးပါး သေဆုံးခဲ့ကြောင်း၊ လတ်တလောအခြေအနေတွင် ရောဂါတွေ့ရှိမှုများ ကျဆင်းသွားပါကြောင်း၊ ယင်းမှာ စစ်ဆေးမှုနှုန်း နည်းသည့်အတွက် တွေ့ရှိမှုနှုန်း နည်းပါးသွားခြင်း ဖြစ်နိုင်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်များက လူစုလူဝေးဖြစ်ပွားမှုကြောင့် COVID-19 ရောဂါ မကူးစက်နိုင်ဟု အာမမခံနိုင်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင် သွားရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း CDM ဝန်ထမ်းများကြောင့် ဆေးရုံ၊ ဆေးခန်းများပိတ်ထား ရပါကြောင်း၊ ပြည်သူ့၏ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုမပေးသည်မှာ မလုပ်သင့် မလုပ်အပ်သည့် အလုပ်ဖြစ်ပါကြောင်း၊ ဆေးရုံများ မဖွင့်နိုင်ရန် နှောင့်ယှက်သူများကို အဓိက သက်ဆိုင် သည့်ဝန်ကြီးဌာနက အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
စနစ်တကျ ခွင့်ပြုပေးထား
COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း၊ တစ်ဖက်တွင်လည်း ကာကွယ်ဆေးရရှိရေးအတွက် ကြိုးစားဆောင်ရွက် နေပြီး စာချုပ်အရရောက်ရှိရမည့် ကာကွယ်ဆေးများ လည်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဆေးဝါးကုမ္ပဏီများကိုလည်း သက်ဆိုင်ရာဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းနိုင်ရန် စနစ်တကျ ခွင့်ပြုပေးထားကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင် မည်ဖြစ်သကဲ့သို့ ပညာလည်းသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများက ပြည်သူ များစနစ်တကျလိုက်နာရေးအတွက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးစားနေပါကြောင်း။
တွန်းအားပေးဆောင်ရွက်ရန်လို
စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရန် COVID-19 နှင့် ပတ်သက် ၍ ထိခိုက်မှုအနည်းဆုံးဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်က ကြီးကြပ်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများကို အားပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာ အရေးကြီး ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တွန်းအား ပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရေမြေနှင့်အခြေခံကောင်းများ ရှိပါကြောင်း၊ ယင်းကို အကျိုးရှိရှိအသုံးချရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျ သည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ တိုင်းပြည်အတွက် စားနပ်ရိက္ခာပေါများ ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေး မှာ လွယ်ကူသည့် နည်းလမ်းဖြစ်ကြောင်း၊ မြစ်ချောင်း အင်းအိုင်များတွင် ငါးမျိုးများ အမြောက်အမြား စိုက်ထည့်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခာဖူလုံသည့်အပြင် စီးပွားဖြစ်သည့်အဆင့် သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ နှစ်အလိုက် မိုး ရွာသွန်းမှုမှာလည်း လျော့နည်းလာသည့်အတွက် ရေကို အကျိုးရှိရှိအသုံးပြုရန်လိုကြောင်း၊ ရေကို သိုလှောင်နိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ် စနစ်များဖြင့် ဆောင်ရွက်ပါက စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုသည် ရာသီဥတုကို ထိန်းသိမ်းရာလည်း ရောက်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ကြီးများအပြင် ချောင်း၊ မြောင်းများတွင် စီးဆင်း နေသည့်ရေများကိုလည်း ထိန်းသိမ်းရန်လိုအပ် ကြောင်း၊ စိုက်ပျိုးရေးအတွက် မြစ်ရေတင်စီမံကိန်း များကို ပြန်လည်ဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ဆိုလာလျှပ်စစ်စီမံကိန်းများကို မြစ်ရေတင် စီမံကိန်းများအတွက် ဆောင်ရွက်နိုင်မည်ဆိုပါက မြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများလည်း စိုက်ပျိုးရေရရှိမည့်အပြင် လျှပ်စစ်မီးသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ကြီးကိုလည်း ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း။
အခမဲ့ကျန်းမာရေးစောင့်ရှောက်
အားကစားကဏ္ဍတွင်လည်း တစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် အားကစားပွဲများကို ပြန်လည် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားကစားနည်း များတွင် မြန်မာ့သိုင်းအားကစားနည်းမှာ လူတိုင်း ကစားနိုင်ပြီး ကိုယ်ခံပညာအားကစားနည်းဖြစ်သည့် အတွက် နိုင်ငံတော်၏ အားကစားအဖြစ် ဆောင်ရွက် သွားရန်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် စရိတ် မျှပေး ကျန်းမာရေးဆိုသော်လည်း တချို့အပိုင်းများ တွင် ဆေးကုသစရိတ် မတတ်နိုင်သည့်အတွက် နစ်နာဆုံးရှုံးမှုများရှိသည်ကို စိတ်မကောင်းဖွယ်ရာ သိရှိရကြောင်း၊ ယင်းကိစ္စအတွက် မိမိတို့လစာထဲမှ သင့်တင့်သည့် သတ်မှတ်နှုန်းထားကို ကျန်းမာရေး စောင့်ရှောက်မှုရန်ပုံငွေသို့ထည့်ဝင်ပြီး ပြည်သူ့ဆေးရုံ များတွင် နိုင်ငံ့ဝန်ထမ်းများမှ စတင်ပြီး အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုကို လုပ်ဆောင်ပေးရေး စဉ်းစား ရန် လိုအပ်ပါကြောင်း။
စွမ်းအင်ကဏ္ဍတွင်လည်း ပြည်ပမှလောင်စာဆီတင်သွင်းရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံသုံးစွဲနေရပါကြောင်း၊ လောင်စာဆီ၏ ၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိရေးအတွက် အသုံး ပြုလျက်ရှိပါကြောင်း၊ ကျန် ၉၅ ရာခိုင်နှုန်းမှာ သယ်ယူပို့ဆောင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများတွင် အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှ လောင်စာဆီသုံးစွဲမှုကို လျှော့ချ နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက မြို့တွင်းနှင့် ခရီးတိုသွားသည့် လျှပ်စစ်ကားထုတ်လုပ်နိုင်ရန် ပထမအဆင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပို့ဆောင် ရေးကဏ္ဍမှာ တိုင်းပြည်အတွက် အရေးကြီးပါ ကြောင်း၊ ထို့ကြောင့် ရထားလမ်း၊ ကားလမ်းများ အမြန်ဖွင့်လှစ်နိုင်ရေးနှင့် ကောင်းမွန်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ JICA နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းစီမံကိန်းကို အမြန်ပြီးစီးရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
စားအုန်းဆီတင်သွင်းမှုမှာလည်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိပါကြောင်း၊ ယင်းကို လျှော့ချနိုင်ရေးအတွက် မိမိတို့တိုင်းပြည်၌ စားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေး ကောင်စီအဆင့်ဆင့်က ပြည်သူများနားလည်အောင် ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကို အားပေးရမည် ဖြစ်ကြောင်း၊ လောင်စာဆီနှင့် စားသုံးဆီဝယ်ယူမှုကို လျှော့ချနိုင်မည်ဆိုပါက လိုငွေပြမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယခုကော်မတီတွင် ပါဝင်ကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက တိုင်းပြည်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုကြိုးစား ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးဝင်းရှိန်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးအောင်သန်းဦး၊ ဦးရွှေလေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့က စာချုပ် လက်မှတ်ရေးထိုးခွင့်ပြုရန်ကိစ္စ၊ ခန့်အပ်ခွင့်ပြုရန် ကိစ္စ၊ သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန်ကိစ္စ၊ ကင်းလွတ်ခွင့်ပြုရန်ကိစ္စ၊ ဆက်လက်တာဝန်ထမ်းဆောင်ရန် သက်တမ်းတိုးမြှင့် ခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ကာကွယ်ဆေး ဆက်လက်ထိုးနှံ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးတင်ထွဋ်ဦး၊ ဦးချစ်နိုင်၊ ဦးဝင်းရှိန်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ ပွင့်ဆန်း၊ ဦးအောင်သန်းဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်များ တွင် ငါးမျိုးများ စိုက်ထည့်သွားမည့်အခြေအနေ၊ သတင်းထုတ်ပြန်ရေးကိစ္စ၊ နိုင်ငံတော်ဘဏ္ဍာငွေ စနစ်တကျသုံးစွဲရေးကိစ္စ၊ လူမှုဖူလုံရေးထောက်ပံ့ ငွေနှင့် ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အခြေအနေ၊ COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံရေးကိစ္စ၊ စားအုန်းဆီတင်သွင်းမှု လျှော့ချရေးကိစ္စ၊ အခြေခံကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်နေမှုအခြေအနေ၊ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်သွားမည့် ကိစ္စ၊ အာဆီယံခရီးသွားလုပ်ငန်းစာချုပ်တွင် မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးရေးကိစ္စ၊ လူမှုကာကွယ် စောင့်ရှောက်ရေးကိစ္စနှင့် တိုင်းရင်းသားအထိမ်း အမှတ်ပွဲတော်များ ကျင်းပသွားရေးကိစ္စတို့နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
အထောက်အကူပြု
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများ ခန့်ထား ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိသူများကို ရွေးချယ်ခန့်ထားရန်နှင့် ဝန်ထမ်း များအား ကျောသား ရင်သားမခွဲခြားဘဲ ညီညွတ် မျှတစွာဖြင့် အုပ်ချုပ်ရန်လိုအပ်ကြောင်း၊ ဌာနများ တွင် လုပ်ငန်းတာဝန်ကျေပွန်သူများကို အားပေး ချီးမြှောက်၍ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရန် လိုကြောင်း၊ ပြည်သူများအနေဖြင့် ဆီစားသုံးမှုကို လျှော့ချပြီး စားသုံးမှုပုံစံပြောင်းခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုနိုင်ကြောင်း၊ တရားမဝင် လမ်းကြောင်းများမှ စားသုံးဆီများနှင့် ကုန်ပစ္စည်း များ တင်သွင်းမှုများကို ထိရောက်စွာတားဆီးခြင်း ဖြင့် နိုင်ငံ့အခွန်ငွေတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်ကြောင်း။
အကျိုးရှိအောင်ဆောင်ရွက်
ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ယခုထက်ပိုမိုတိုးတက်စေရန် သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက် သွားရန်လိုကြောင်း၊ ရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရှုံးပေါ်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး အကျိုးရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေး ကို ထိခိုက်စေမည့်ကိစ္စရပ်များအား လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြခြင်းများမရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒီမိုကရေစီသည် ဥပဒေနှင့်ညီညွတ်မှသာ တန်ဖိုး ရှိသဖြင့် မိမိတို့ဖော်ဆောင်နေသည်မှာ တန်ဖိုးရှိ သည့် ဒီမိုကရေစီစနစ်သာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအား နိုင်ငံတော်ဘဏ္ဍာငွေမှ ထုတ်ချေးထားသည့် ၂ လစာချေးငွေများ ပြန်လည်ပေးဆပ်ရန်အတွက် ကာလတစ်ခုအထိ ဆိုင်းငံ့ပေးထားမည်ဖြစ်ကြောင်း၊ နေပြည်တော်သည် မိမိတို့နိုင်ငံ၏ မြို့တော် ဖြစ်သဖြင့် ယခုထက် ပိုမိုတိုးတက်စည်ကားအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အချက်အချာကျသောနေရာတွင် တည်ထားခြင်း ကြောင့် ပညာသင်ကြားရေးအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် အခြားသော သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေနိုင်သည့် စက်ရုံ၊ အလုပ်ရုံ များအား ဖွင့်လှစ်နိုင်ရေး ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူများအား ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နေပြည်တော်၌ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဉာဏ်တော် ၈၁ ပေ ရှိ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆစ်ရုပ်ပွားတော် ကြီးအား တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ နေပြည်တော် ပြည်ထောင်စု နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်