
ညောင်ဦး ဒီဇင်ဘာ ၂၅
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်း ဘုရားဖူးဧည့်သည်များ များပြားစွာလာရောက်လျက် ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးက ပြောသည်။
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီ မြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည် တောင်စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင် စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာ ဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူး ဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာ ဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မကြီးနှင့် စူဠာမဏိဘုရားများတွင် ကားထားသည့် နေရာအခက်အခဲဖြစ်သည်အထိ လာရောက်လည် ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။
ပွဲတော်အချိန်ခါမဟုတ်သည့်(အခါကြီးရက်ကြီး)အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း ပြည်ပခရီးသွားအဆက် မပြတ်သည့်မြို့ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာခရစ္စမတ်ရုံးပိတ် ရက်/ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန် ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင် ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း နေရာစိပ်စိပ် နှင့် လက်ညှိုးထိုးမလွဲ တစ်နေရာနှင့်တစ်နေရာ မဝေးကွာဘဲ တစ်ဆက်တစ်စပ်တည်း ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပခရီးသွားများကို အလွန်ပင်ဆွဲဆောင်လှကြောင်း၊ ပုဂံဒေသ ဘယ် နှခေါက်ရောက်ရောက် ထပ်ကာထပ်ကာ လာချင်စိတ် ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက် ဘုရားဖူး လာရောက်ကြသည့် မစန်းစန်းလွင်က ပုဂံဒေသ အကြောင်းပြောပြသည်။ အလားတူ နတ်မောက်မြို့မှ ဘုရားဖူးလာရောက်သည့် ဒေါ်စိန်တင့်ကလည်း ဘုရားဖူးများ၊ ပြည်တွင်း ပြည်ပခရီးသွားများ အမြဲ မပြတ်ရှိနေခြင်းက ပုဂံ- ညောင်ဦး ရှေးဟောင်း နယ်မြေအား တန်ဖိုးထားလို့သာ ထပ်ကာထပ်ကာ လာရောက်ကြကြောင်း ပြောပြသည်။ ခရစ္စမတ် အားလပ်ရက် ပုဂံ-ညောင်ဦး ဘုရားဖူးလာရောက်သူ ၃၀၀၀ ကျော်ရှိကြောင်း ရွှေစည်းခုံဘုရား ဂေါပကရုံး အဖွဲ့မှူး ဦးသန်းမြင့်ဦး ထံမှ သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)